Pages

Sunday, October 7, 2012

မိဘတို့ ရင်တွင်းစကား

ဒီစာစုလေးက အင်တာနက်မှာ ပျံနှံနေတာ တော်တော်ကြာပါပြီ။ ကျွန်မ ပထမဆုံးဖတ်ဖူးတာက Forward Mail ထဲမှာ၊ ဒုတိယတစ်ခါက စာရေးဆရာမနိုင်းနိုင်းစနေ Facebook ပေါ်မှာဖြစ်ပြီး အခုတခါကျတော့ စိတ်ကူးချိုချိုစာအုပ်တိုက်က ထုတ်တဲ့ " မြန်မာဝတ္ထုတို(၂၀၀၉)" ထဲက ရဲသျှမ်း ရေးတဲ့ " နောက်ဆုံးအဖော် " ၀တ္ထုတိုလေးထဲမှာ ဖတ်ဖြစ်တာ။ ဘယ်နှစ်ခါဖတ်ဖတ် တော်တော်ခံစားရလောက်အောင် ရင်ထဲကိုထိတယ်။ ဘယ်သူရေးမှန်း ကျွန်မလဲ မမှတ်မိတော့ဘူး။ တန်ဖိုးရှိတဲ့ စာဆိုတာ လူတစ်ယောက်ကို အကျိုးဖြစ်စေတယ် ဟင်းကောင်းတခွက်ထက် ပိုပြီး အရသာရှိတယ်။ ဟင်းတစ်ခွက်က တစ်နပ်စာတွက် ဗိုက်ကိုဖြည့်ပေးပေမဲ့ စာပေရဲ့ အနှစ်သာရကိုသာ သိသွားရင် တစ်ဘ၀စာတွက် ဖုံလှုံသွားစေနိုင်ပါတယ်။ မိဘကို အလိုမကျတာ တစ်ခုခုရှိရင် စိတ်ကမပြစ်မှားမိအောင် မိမိကိုယ်ကို သတိပေးခြင်းအနေနဲ့ ပြန်လည်ကူးယူထားခြင်းဖြစ်ပါတယ်။ အသက်ကြီးလာတဲ့ မိဘက သားသမီး မငြိုငြင်မိအောင် ပြောထားတဲ့ စာစုလေးတွေပါ..... 

ငါအိုသွားတဲ့အခါ... 
ငါဟာ အရင်ကငါမဟုတ်တော့ဘူး။ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။ 

ချည့်နဲ့တဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် ဖိတ်ကျတဲ့အခါ၊ အညစ်အကြေးတွေ မနိုင်တဲ့အခါ ငါ့ကိုမရွံပါနဲ့။ ငယ်ငယ်တုန်းက ငါ သန့်စင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။ အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေကို ငါပြန်ပြောမိတဲ့အခါ မသိကျိုးကျွန်မပြုလိုက်ပါနဲ့။ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီးနားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း ပုံပြင်ပေါင်းများစွာကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။ 

မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်ခါ၊ ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။ ခေတ်သစ်၊ နည်းပညာသစ်၊ အကြောင်းအရာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့။ ငယ်ငယ်တုန်းက " ဘာကြောင့် " ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။ 

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်းအားပါတဲ့လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးပါ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက်လေ့ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။ အသက်ကြီးလာလို့ စကားပြောတာ ရှေ့နောက်မညီဘဲ အကြောင်းအရာတွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ။ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှ နားထောင်ပေးရင် ကျေနပ်ပါပြီ။ 

တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့။ နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို ငါ့ဘ၀နောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ။ မေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံပါ့မယ်။ အဲ့သည့် အပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ....

No comments:

Post a Comment