Showing posts with label ခံစားချက်. Show all posts
Showing posts with label ခံစားချက်. Show all posts
Tuesday, October 29, 2013
Sunday, October 27, 2013
တနေ့ သူပြန်လာပါလိမ့်မေ
မိုးဖွဲဖွဲကျတဲ့ တနေ့
ကံ့ကော်ပန်း တပွင့်ပေးဖို့
နွေရာသီထဲမှာ သူပြန်လာခဲ့မယ်တဲ့
ချောင်းဘေးနားက
တံတားလေးသာ ဒီအတိုင်းရှိနေသေးရင်
အရင်လိုပဲ ညနေခင်းကို ထိုင်ငေးဖို့
သူပြန်လာခဲ့မယ်တဲ့
ရှုပ်ထွေးလွန်းတဲ့ လောကကြီးကို ကျောခိုင်းပြီး
ရွာဘေးနားက လေတဟူးဟူးတိုက်နေတဲ့
တောင်ပေါ်ထက်မှာ ကော်ဖီတူတူသောက်ဖို့
သူပြန်လာခဲ့မယ်တဲ့
နှစ်တနှစ်ရဲ့
ပထမဆုံးနေရောင်ခြည်ကို တူတူထိတွေ့ဖို့
သူပြန်လာခဲ့မယ်တဲ့
ဈေးသွားရင်
တစ်သက်လုံး ခြင်းတောင်းကိုင်ပေးဖို့
တနေ့အရောက် ပြန်လာခဲ့မယ်လို့
မသွားခင် သူကတိပေးသွားခဲ့တယ်
အဲဒီ့တနေ့ဟာ
ဆယ်စုနှစ် တစ်ခုကျော်လွန်း သွားပေမဲ့
ပြန်လာခဲ့မယ်လို့ ပြောခဲ့တော့
သူဟာ သစ္စာရှိတဲ့သူပေါ့

Tuesday, September 3, 2013
Miss U
အိပ်မရလို့ လွမ်းတာမဟုတ်
သတိရလွန်းလို့ အိပ်မပျော်တာ
ခြေရာဖျောက်သောသူကို
Onlineမှာ ရှိမရှိ ဖမ်းမိဖို့
Viber ကိုဖွင့်မိပြန်တော့
သူ့ပုံလေးကိုပဲ ချဲ့ချဲ့ပြီးငေးမိတာ
သဲလွန်စရထားတဲ့ စုံထောက်တစ်ယောက်လိုပေါ့
ပြောင်းသမျှ ပုံကိုစောင့်ကြည့်ပြီး
သူ့စိတ်ဘယ်လိုနေမလဲလို့ အကဲဖြတ်တဲ့
ဓါတ်ပုံဖတ်သူဟာ ငါ
စကတည်းက တစ်ဖက်သတ်ဆိုတော့
အချစ်ဆိုတာလဲ
ဘာကံကောင်းခြင်းမှ သယ်မလာဘူးပေါ့
တိမ်မဖုံးထားတဲ့ လကို ခံစားဖို့
မီးတွေပိတ်ပြန်တော့လဲ
သတိရအောင်လုပ်ခဲ့သူ တစ်ယောက်ကို
ရူးမတတ်လွမ်းဆွတ်မိတယ်
သူဆီကို " Miss U" လို့ Message
တစ်နေ့တစ်နေ့ ဘယ်နှစ်ကြိမ်ရိုက်မိမှန်းမသိ
ဒါပေမဲ့
Send ဆိုတာကို နှိပ်ဖို့
ငါ့လက်တွေ အမြဲ ကြေက်ရွံနေတယ်ဟ

Saturday, August 17, 2013
ဘ၀နှင့် အချစ်
ဆေးလိပ်ဖွါပြီး စဉ်းစားရခြင်းက
မောင့်အတွက် စည်းစိမ်ဆိုလျှင်
မျက်နှာကြက်ကို ငေးပြီး တွေးတောရခြင်းက
ကိုယ့်တွက် သုခပင်
စွယ်တော်ရွက်တွေခူးပြီး
စာအုပ်ကြားထဲညှပ်ခဲ့တဲ့ မောင်ဟာ
ကဗျာစာအုပ်ကို ချိုင်းကြားညှပ်ပြီး
ခေါင်းငိုက်စိုက်နဲ့ လမ်းလျှောက်နေလေပြီ
အချိန်ကား
လူကိုမစောင့်သော်ငြားလဲ
လူကိုပြောင်းလဲနိုင်စွမ်းရှိ၏
ထိုပြောင်းလဲခြင်းတရားတွင်လဲ
လူကောင်း လူဆိုး အဖြစ်ခိုင်းစေသည့်
အဓိကတရားခံကား ရွေးချယ်ခွင့် မရှိတဲ့
လောကဓံပဲမောင်
လူတန်းစားနှစ်ခု မတူညီခြင်းသည်ပင်
ခွဲခွါခြင်းရဲ့ အစဟု
မောင်ကား လက်တွေ့ဆန်ဆန် စွပ်စွဲခဲ့တယ်
မောင်ပြောသလို
ပြေးတတ်နေတဲ့ ကုန်ဈေးနှုန်းကို
ရေခဲအုပ်ပြီး ကျခိုင်းလို့ မရသလို
ဘ၀နှင့် အချစ် ထပ်တူကျဖို့က
လူနှစ်ယောက်တည်းနဲ့ မပြီးဘူး
နင်နဲ့ငါ
မအားတဲ့ကြားက အချိန်တွေကိုဖဲ့ပြီး
နင့်ကို တွေ့နိုင်ဖို့ ကြိုးစားခဲ့တယ်
သူစိမ်းတစ်ယောက်ထက် ငါက အရေးမပါတော့
ရင်နာမိတာကလွဲလို့ ငါ့နှလုံးသားကို ရိုက်ခွဲပြီး
လမ်းခွဲကြစို့လို့ ပြောဖို့ အားနာတယ်ဟ
မိန်းကလေးပေမဲ့ တခြားသူတွေထက် ပိုပြီးအားငယ်တတ်သူဟာ
ခံစားရလွယ်တတ်တယ်လို့ ပြောပြီး နင်ပဲ မေ့သွားတာလား
မဟုတ်ဘဲ ငါကပဲ ရင့်ကျက်သွားတာလား
ရင့်ကျက်တယ်ဆိုရင်လဲ ဟန်ဆောင်တာ ဖြစ်လိမ့်မယ်လို့
မျက်ရည်စိုနေတဲ့ ခေါင်းအုန်းလေးက
ညတိုင်းပြောလိမ့်မေ
မကြိုက်တာတွေ လုပ်နေတဲ့ နင့်ကိုဟန့်တားဖို့
ငါ့မာနက ခွင့်မပြုဘူး
"တကယ်ချစ်ရင် ပြုပြင်ပါလိမ့်မေ
ပြောနေမဲ့အစား စောင့်ကြည့်ပါ
စောင့်ကြည့်လိုက်မှ ဒီအတိုင်းဆိုရင်
နင်ပဲ ပြောင်းလဲပါ
တစ်ဘ၀လုံး နှလုံးရောဂါရမဲ့အစား
တစ်ခါတည်းသာ ဆေးကုလိုက်ပါ " တဲ့
ပင်ပန်းလွန်းတော့
မဆုံနိုင်တဲ့လမ်းကို ဒုက္ခခံပြီး
ဖောက်မနေတော့ပါဘူး

Thursday, July 25, 2013
ပါးပါးလေးပဲ ကျန်တော့တယ်
စောင့်ရဖန်များတော့ စိတ်ရှည်ခြင်းတွေ ကုန်ဆုံးလာတယ်
ဥပက္ခာ ပြုခံရဖန်များတော့ လှောင်ရယ်တတ်လာတယ်
ပကာသနတွေများတော့ တန်ဖိုးမဲ့လာတယ်
ရင်ထဲ သိမ်းထားတာများတော့ နှလုံးရောဂါရလာတယ်
ပြောခွင့်မရှိမှတော့ မျက်ရည်တွေခမ်းခြောက်လာတယ်
ယုံကြည်မှုမရှိမှတော့ သစ္စာဆိုတဲ့ အဓိပါယ် ဖွင့်ရခက်လာတယ်
မလိုချင်ရင် ထားခဲ့
ဇာတ်လမ်းလှအောင် ဖြေချင်းချက်
ရေးပြနေစရာ မလိုပေ............

Monday, July 8, 2013
ဖြစ်နေကျ အကြောင်းတရားများ
ကြေးစားသမားလိုမျိုး
တာဝန်ကျေဖြတ်သန်းလာတော့
ဘ၀က အဓိပါယ်မရှိတာ
အနာဂါတ်ကို လေးလေးနက်နက်တွေးမိတော့
မခိုင်းဘဲ လက်နက်ချမိချင်တာ
"သင့်" တာထက် "ချင်" တာကိုလုပ်ရရင်
ဖြစ်ချင်ရာဖြစ် အိပ်ရာက မနိုးထချင်တာ
ဘ၀ကို " Live it, Love it, Enjoy it " တဲ့
ဒါပေမဲ့ စိတ်ဓါတ်ကျပြီဆို
ဘာ Quote ပဲဖတ်ဖတ်
အသက်ရှင်နေရတာ စိတ်ကုန်တော့
" Lost it " ပဲ
ဆင်ခြေပေးတာ မကောင်းဘူးတဲ့
ဟုတ်မှာပေါ့
ငါ့ကို အိမ်ပြန်ခွင့် မပေးတဲ့ အတားဆီးဆိုတာ
အဲဒီ့ ဆင်ခြေပေါင်းများစွာပေါ့
ဟုတ်
Quality Time နဲ့ Quantity Time
အဓိပါယ် ကျုပ်လဲ နားလည်ပါတယ်
ဒါပေမဲ့ အိမ်ပြေးတွေဖို့
အဲဒါတွေ ရွေးချယ်ခွင့်ရှိလို.လားဗျာ........

Wednesday, June 5, 2013
ရုန်းပေအုန်းတော့ မဗေဒါ
ဘဝ
ရွေးချယ်ခွင့် မရှိမှတော့
အကောင်းဆုံး ဖြတ်သန်းပေတော့
အနာဂါတ်
ရှောင်ဖယ်လို့ မရမှတော့
ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပေတော့
လူ
မပက်သတ်လို့ မရမှတော့
သူဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ
ကိုယ့်ဘက်က မေတ္တာတရားနဲ့သာ ဆက်ဆံပေတော့
ရုပ်ဝတ္ထု
မရှိရင်လဲ လူအထင်သေး
ရှိပြန်တော့လဲ ကိုယ့်ဘ၀င်က ကောင်းကင်မှာ
လိုချင်ပြန်တော့လဲ မောဟဇောနဲ့ နပန်းသတ်ပေတော့
စိတ်ဓါတ်
ကျတစ်ခါ တတ်တလှည့်
စိတ်ယုတ်ဖက်ကို အလေးများနေတဲ့ ချိန်ခွင်မှာ
စိတ်ကောင်းဘက်ကို သာဖို့ နင့်အတ္တလျှော.ပေအုန်းတော့
အလုပ်
ဖြစ်ချင်တာက ကွန်ပျုတာကို ရိုက်ခွဲ
ခုံပေါ်မှာရှိသမျှ စာရွက်စာတမ်းအားလုံး Recycle လုပ်
သိန်းထီပေါက်တဲ့ မျက်နှာနဲ့
မာန်နေဂျာကို ပြောချင်တာက "I quit now "
တစ်ထွာသာရှိတဲ့ ၀မ်းတွက် ရုန်းပေအုန်းတော့ မဗေဒါ.....

Sunday, February 24, 2013
ဖြစ်နေတာတွေ

အသွားအပြန် ကြိုဝယ်စရာမလိုတဲ့
လေယဉ်လတ်မှတ်
သတ်မှတ်ချက်မရှိတဲ့
အားလပ်ရက်
ပြန်လာရင် နှစ်ပါးသွားကရမဲ့
အလုပ်ခုံပေါ်က
စာရွက်စာတမ်းတွေ
ကြားလား ကြားရလားဆိုပြီး
လူကြီးမင်းနဲ့ ခဏခဏတိုးတဲ့
ဖုန်းလှိုင်း
အမေနေကောင်းလား
ကျန်းမာရေး ဂရုစိုက်ဆိုပြီး
ကြင်နာမှု အသံသက်သက်ရေ
ငပိမပါတဲ့
အဖြူထည် အစားအသောက်တွေ
အရာရာဖန်တီးလို့ရတော့ မျက်နှာမလှရှာတဲ့
လမင်းကြီးရဲ့ အလင်းရောင်ကိုခံစားဖို့
စင်ကာပူက မီးတွေကို ခဏလောက်ပိတ်ပေးပါ
Friday, December 7, 2012
မိုး
ဒီမိုးကား အေးစက်လွန်းတယ်
မှိုင်းညို့နေတဲ့ ကောင်းကင်မှာ မိုးခြိမ့်သံတွေနဲ့
ပတ်ဝန်းကျင်တစ်ခုလုံးကိုလဲ အမှောင်ချထားပါလား
သပြေသီးမှည့် ကောက်ခဲ့ဖူးတဲ့ မိုးရာသီလဲ
မသဲမကွဲနဲ့ ၀ိုးတ၀ါး ဖြစ်လာတာ
အိပ်မက်ဆန်ဆန်ပါတကား
ဘယ်လောက်ပဲ မိုးသက်လေပြင်း ကြီးပါစေ
စိုရုံကလွဲပြီး ရွံ့မပေတဲ့ ငါ့ခြေထောက်က
ဘာကတ္တာရာလမ်းမှ မရှိတဲ့
အတိတ်ကရွာထဲသို့
ခဏခဏ လှမ်းချင်နေရတာတုန်း
ဒီမိုးအောက်မှာပေါ့
စာတစ်စောင်ကြောင့် ငိုခဲ့ရတာ
ဒီမိုးထဲမှာပေါ့
သူအနားကနေ ထွက်သွားခဲ့တာ
ဒီမိုးပဲပေါ့
ငါ့နှလုံးသားကို ရေခဲရိုက်ပစ်ခဲ့တာ
မိုးရာသီက
တစ်ချို့ကို ပျော်ရွှင်စေတယ်
တစ်ချို့ကို ၀မ်းနည်းစေတယ်
တစ်ချို့ကို သတိရခြင်းတွေပေးတယ်
တစ်ချို့ကို နာကျင်ခြင်းတွေပေးတယ်
ငါ့တွက်တော့
စိတ်နှလုံး ရွှင်လန်းစေတဲ့ မိုးရာသီကို ပြန်ရဖို့
နောက်ကြောင်းပြန်လှည့်ရအုန်းမယ်..........

Tuesday, November 27, 2012
မျှော်မိတာ သူပါပဲ
သစ်ရွက်ခြောက်တွေ တဖြောက်ဖြောက်နဲ့
တိတ်ဆိတ်ခြင်းကိုများ အသက်သွင်းနေသလား .....
အဖော်မစုံ တစ်ကိုယ်တည်း
ကားဂိတ်လေးတောင် သွေ့ခြောက်ခြောက်နိုင်ပ.....
နေ့တိုင်းလျှောက်တာ ဒီလမ်းပါပဲ
အချိန်တိုင်း မျှော်မိတာလဲ သူ့ပုံရိပ်ပါပဲ.....
ပုန်းကွယ်နေသူတစ်ယောက်ရဲ့ သဲလွန်စ
ရှာဖို့ခက်လွန်းတယ်လေ.....
အသစ်တဖန်ပြန်စဖို့ ဆုမတောင်းပါဘူး
အရင်လိုခံစားချက် ပြောင်းမသွားတာကသာ ခက်တာ.....
နေလို့ထိုင်လို့ကောင်းတဲ့ လောကကြီးတစ်ခု ပိုင်ဆိုင်ဖို့
အနားမှာ နင်တစ်ယောက်ရှိနေဖို့ လိုသေးတယ်.....
သမုဒ္ဒရာ ၀မ်းတစ်ထွာကို ဖြည့်ဖို့ လွယ်ကူခဲ့ပေမဲ့
နှလုံးသားကွက်လပ် ဖြည့်ဖို့ ခက်ခဲပါတကား.....
PS: Original Photo https://www.facebook.com/photo.php?fbid=4365185281314&set=a.1138259730192.2021428.1038332401&type=1&theater
Monday, November 12, 2012
ဘယ်တော့မှ မပြည့်တဲ့ အိုး
ဘယ်ကတည်းက ပေါက်နေတာ မသိတဲ့ အိုးတစ်လုံး ငါဖာထေးနိုင်ခဲ့တယ်။
အဲဒီ့အိုးကိုဖြည့်ဖို့ တဖြည်းဖြည်းနဲ့ ကြိုးစားခဲ့ရတယ်။
သုံးပုံ တစ်ပုံလောက်ရောက်တာနဲ့ လူတစ်ယောက်က လာပြီး ယူသုံးပလိုက်တယ်။
နောက်ထပ် တဖန်ကြိုးစားပြီး ဖြည့်ခဲ့ပြန်တယ် နောက်တစ်ယောက်လာပြီး ဘေးကနေ ဖောက်ပလိုက်ပြန်တယ်။
ပြန့်မဖြည့်ခင် ငါနောက်တစ်ခေါက် ဖာခဲ့ရပြန်တယ်။
ဒီလိုမျိုး အိုးပြည့်လုနီးပါး ဖြည့်နိုင်အောင် အပတ်တကုတ် ရုန်းကန်ခဲ့ရတယ်။
လာပြန်ပြီ နောက်ထပ်တစ်ယောက် ခပ်ယူသုံးပလိုက်ပြန်တယ်။
စိတ်တွေရှုပ်လာတယ် ငါကြိုးစားသလောက် ထပ်တူရခဲ့တယ်။
ဒါပေမဲ့ မသုံးဘဲနဲ့ ကုန်ဆုံးခဲ့ရတယ်။
အော်ပလိုက်ချင်တယ် ဒါပေမဲ့ ငါမလုပ်ဝံ့ဘူး
ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ငါခုလိုမျိုး ကြီးပြင်းလာအောင် ပြုစု စောက်ရှောက်ခဲ့ကြတဲ့ မိသားစုဝင်တွေ ဖြစ်နေလို့ပဲ...
ငါအောက်ခြေမှာ ရှိတုန်းကလဲ ငါ့အနောက်ကနေ ၀ိုင်းပြီး အားပေး ကူညီကြတယ်
ငါ အပေါ်ရောက်တော့ သူ့တို့တွေ ငါ့ကို မအားကိုးရင် မိသားစုဆိုတာ ဖြစ်လာစရာ အကြောင်းမရှိဘူးဆိုတာ သိလာတယ်။
အော် ဒီအိုးလဲ ဒီတစ်သက် ဘယ်လောက် ဖြည့်ဖြည့် မပြည့်မဲ့အိုးဆိုတာ တဖြည်းဖြည်းနားလည်လာတယ်...
အနားမှာ မောင် ရှိနေဆဲပါ
မောင်
ဒီနေ့ ခရေပန်းတွေကြွေတာ
အပင်အောက်မှာ ခြေချစရာတောင်မရှိဘူး
မောင်ထွက်သွားကတည်းက
ဒီတစ်ရာသီနဲ့ဆိုရင် ခုနှစ်ကြိမ်မြောက် ပန်းပွင့်ခြင်းပဲ
မောင်စာသင်ပေးခဲ့တဲ့
အိမ်ရှေ့က ကောင်လေးတောင်
ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ဖို့ဆိုပြီး
မနေ့ကပဲ မြို့ကို သူ့အဖေနဲ့ပါသွားလေရဲ့
မောင် ကောက်ယူပြီး
ပြုစုခဲ့တဲ့ ခွေးမလေးတောင်
ခွေးထီးလေး တစ်ကောင်မွေးထားတာ ချစ်စရာလေး
မောင်ဆိုရင် အရမ်းချစ်မှာ
ဒီနှစ်လဲ ကိုယ့်ရပ်ကွက်က
မောင်တို့တူးခဲ့တဲ့ သောက်ရေကန်
နွေရာသီတောင်မရောက်သေးဘူး ရေခမ်းလို့
အခုကတည်းက ဟိုဘက်ရပ်ကွက်က
သောက်ရေကန်ကို မျက်စောင်းထိုးနေရပြီ
နွေပူခေါင်ခေါင် ရေအိုးရွက်ရကိန်းကိုတော့
နှစ်တိုင်း ပြေးမလွတ်ကြဘူး မောင်
မောင့်ကိုချစ်တဲ့
အိမ်ဘေးက အဘွားလဲ
အသက်ကြီးလာလို့ ဘာမှမမှတ်မိတော့ဘူး
မောင့်ကိုပဲ ခဏခဏမေးနေတယ်
ကတ္တရာမခင်းနှိင်သေးတဲ့
အိမ်ရှေ့က ရွံတွေနဲ့ လမ်းမကို
မိုးရာသီရောက်ရင် လမ်းခင်းဖို့
လုပ်အားပေးမဲ့ ယောက်ကျားသား
ဒီအိမ်ကနေ မကူညီနိုင်တာ
မောင်ထွက်သွားကတည်းကပဲ
မောင့်လို နောက်ကျမှသိခဲ့တဲ့
ကင်ဆာရောဂါဖြစ်မှာစိုးလို့
နေမကောင်းဖြစ်ရင် တိုက်တွန်းစရာမလိုဘဲ
ဒီကလူတွေ ဆေးခန်းကိုပြေးနေကြရဲ့
မောင့်တူမလေးလဲ
ငှက်ဖျားပိုး ဦးနှောက်ထဲဝင်ပြီး
မောင့်နောက်ကို လိုက်သွားတာ
ရှေ့ဆင့် နောက်ဆင့်ပါပဲ
အရာရာတိုင်းကတော့ ပြောင်းလဲ နေတာပါပဲ
ဒါပေမဲ့ မောင့်အငွေ့အသက်တွေ
အနားမှာ ပျားပိတုန်းကောင်တွေလိုမျိုး
တ၀ဲဝဲလည်နေသလို
နေရာတကာ မောင့်ပုံရိပ်တွေပါပဲလေ.....

Sunday, November 11, 2012
နှစ်ပါတ်လည်
သူလား
အသံကောင်းတယ် ဒါပေမဲ့
သီချင်းတစ်ပုဒ် ပြီးအောင်
မဆိုတတ်တဲ့သူ
သူလား
အရင်က ဆေးလိပ်သောက်တယ်တဲ့
ဒါပေမဲ့ တစ်ခေါလောက် ငိုပလိုက်တော့
ဖြတ်ပလိုက်တဲ့ သူ
နောက်တစ်ခါဆိုရင် ဘာဖြစ်ဖြစ်
ငိုပြရမဲ့ သဘောရှိတယ် :P
သူလား
အရပ်သိပ်မရှည်ဘူး
အသားဖြူဖြူ ပိန်ပိန်လေးနဲ့
ဗလ ခဏခဏပြတတ်တဲ့ သူ
သူလား
ကိုယ်ချက်တင်ထိုင်ရင် ဘာလုပ်လုပ်
မပျော်ဘူးဆိုပြီး အကျပ်ကိုင်တတ်တဲ့သူ
သူလား
အေးအေးဆေးဆေး နေတတ်ပေမဲ့
ကိုယ်နဲ့ပက်သက်ရင် သွေးဆူလွယ်တတ်သူ
သူလား
ဘောလုံးပွဲကြိုက်ပေမဲ့
ဘောလုံးမကန်တဲ့သူ
သူလား
အကျီမီးပူ မထိုးတတ်ပေမဲ့
တော်တော် အသန့်ကြိုက်တဲ့သူ
11.11.2012 Sunday
သူနဲ့လက်တွဲခဲ့တာ တစ်နှစ်ပြည့်တဲ့နေ့
ခရီးလမ်းတစ်လျှောက်
ရန်ဖြစ်ခဲ့တာ မရှိခဲ့ပါဘူး
ဆိုးနွဲ့မိတာတော့ ရှိတာပေါ့
ဘာရယ်လို့မဟုတ်ပါဘူး ဒီနေ့ ကိုယ်တို့နှစ်ယောက်ရဲ့ တစ်နှစ်ပြည့် နှစ်ပါတ်လည်ဖြစ်လို့ အမှတ်တရဆိုပြီး ရေးဖြစ်တာပါ။

Monday, September 24, 2012
သူမ
"သူမ" ဆိုတာကတော့ ကျတော့်ရဲ့ Girl ပေါ့။ ကျတော်တို့ရဲ့ First Year Anniversary မှာ ကျတော့်လက်ရေးနဲ့ ရေးထားတဲ့စာကို ဖတ်ချင်တယ်ဆိုလို့ စာရေးပျင်းတဲ့ ကျတော်ခမျာ ကြိုးစားပမ်းစား ရေးထားရတာပါဗျာ။ စပြီနော်...
Computer က Camera အနီးကိုကပ် မျက်လုံးလေးမှိတ်ရဲ့နဲ့ သူနဖူးလေးကို တခါတခါလာထိတယ်ဗျာ. အဲလိုလုပ်ရင် ကျတော်ပခုံးပေါ် သူမှီချင်တာကို ကျတော်သိတာပေါ့။ သူနမကောင်းရင်လဲ ကျတော့်ကို ကျွန်ပျုတာ အနားကနေ ဘယ်မှမသွားခိုင်းဘူး။ အဲဒီ့ဘေးနားမှာပဲ သူမတချိန်လုံးအိပ်နေခဲ့တယ်။ အလုပ်မှာပဲဖြစ်ဖြစ် အိမ်မှာအဆင်မပြေတာဖြစ်ဖြစ် ကျတော်ကို ဖွင့်မပြောပဲ မနက်မိုးလင်းမှ မို့နေတဲ့ သူ့မျက်လုံးတွေမြင်ပြီးမှ သိရရင် သူကိုကြည့်ပြီး ကျတော့်ဘယ်ဘက်ရင်ထဲနေ မခံနိုင်လောက်အောင်ကို အောင့်တတ်လာတယ်ဗျာ။ စိတ်မကောင်းစရာ ကိစ္စဆိုရင် ဘယ်သူ့ကိုမှ အနှောက်ယှက်မပေးချင်ဘူးဆိုတယ် သူမကို ပြသာနာ တခုကို ရင်ထဲသိမ်းမထားနဲ့ အကုန်လုံး သူ့ကိုပြောပြလို့ ဘယ်လောက်ပြောပြော ခေါင်းမာတဲ့ သူမမျက်လုံးတွေကြည့်ပြီး ကျတော် နားလည်လာပြီးဗျ....
ကိုယ်တို့နှစ်ယောက်ကို ပိုပြီးနီးစပ်စေခဲ့တဲ့ Skype ကတော့ ကိုယ်နဲ့ သူမရဲ့ အောင်သွယ်တော်ပေါ့ဗျာ။ အံသြော်စရာကောင်းတာက ဘေးလူကြောင့် စိတ်အနှောက်အယှက် ၃ရက်လောက် ဖြစ်ဖူးတာကလွဲလို့ ကျတော်နဲ့ သူမ တခါမှရန်မဖြစ်ဖူးဘူး။ အဲဒီတုန်းကလဲ ပြသာနာရဲ့အဖြေကို မစဉ်းစားဘဲ ငါတို့နှစ်ယောက် ဝေးပြီ သူမ ကိုယ့်အနားမရှိတော့ဘူးဆိုတဲ့ စိတ်က စားမ၀င်အိပ်မပျော်လောက်အောင် တော်တော်ကိုဆိုးဝါးခဲ့တယ်။ ဒုက္ခတစ်ခု ရင်ဆိုင်ပြီးတိုင်း လူတစ်ယောက်က ပိုရင့်ကျက်လာသလို ကျတော်နဲ့ သူမလဲ ဒီကိစ္စ ပြေလည်သွားပြီးနောက် ပိုပြီးတော့ တစ်ယောက်ကို တစ်ယောက် နားလည်ပြီး တန်ဖိုးထားတတ်လာကြတယ်ဗျ။
အနေဝေးတဲ့ ကျတော်တိုနှစ်ယောက်ကံ ဘယ်ဘ၀က အငြိုးတွေလဲမသိဘူး Bruno Mars ဆိုထားတဲ့ Long Distance ကကိုယ်တို့ နှစ်ယောက်ကိုများ ရည်းစူးသလားလို့။ သူမက မချောဘဲနဲ့ ခဏခဏ သ၀န်တိုတဲ့ ကျတော့်ကို တခါတလေ အော်သေးတယ်။ ကိုယ်ချစ်တဲ့ မိန်းကလေးနား ဘယ်ကောင်လေးမှ မကပ်စေချင်တာမှ ချောတာ မချောတာနဲ့ မဆိုင်ဘူးလေဗျာ။ သူမကို အမြဲတမ်းဂျီကျတတ်တဲ့ ကျတော်က သူမထက် အသက်ကြီးနေလေရဲ့။
ကျတော်က Skype ကသူမဓါတ်ပုံတွေကိုလဲ ခိုးရိုက်တတ်သေးတယ်။ ကျတော် အရမ်းကြိုက်တဲ့ သူမဓါတ်ပုံတွေထဲက အသက်ဝင်တဲ့ ပုံလေးဖြစ်ဖြစ် ကဗျာဆန်တဲ့ ပုံးလေးဖြစ်ဖြစ် သူမကို Email ပို့တာ ပိုချစ်မယ်ထားအုန်း အဆူတောင်ခံရသေးတယ်။ ဘာလို့လဲဆိုတော့ မျက်လုံးမှိတ်ရင်မှိတ် မမှိတ်ရင် ပါးစပ်ဟနေလို့ အရမ်းအရုပ်ဆိုးတယ်တဲ့။ ဒီတခါတော့ ကျတော့်ဘက်က မှန်တယ် ဘာလို့ဆိုတော့ လူတိုင်း ဓါတ်ပုံရိုက်မယ်ဆိုရင် ပဲများရတာနဲ့ အိုင်တင်ပေးရတာနဲ့ ဘယ်မှာ အသက်ဝင်လို့လဲ သက်သက်မဲ့ လုပ်ယူထားတဲ့ ဟာကြီးတွေ။ သူမပုံတွေကမှ တကယ်လှတာ.....
သူမအကြောင်းလဲ ပြောတာများနေပြီ ဒီမှာ တခန်းရပ်ပါမယ်ခင်ဗျာ...
ရုပ်ဆိုးတယ်ဆိုတဲ့ သူမကို
ဆင်းရဲတယ်ဆိုတဲ့ သူမကို
ကံမကောင်းဘူးဆိုတဲ့ သူမကို
ဘ၀မလှဘူးဆိုတဲ့ သူမကို
ခဏခဏစိတ်ဓါတ်ကျတတ်တဲ့ သူမကို
သေရမှာမကြောက်တဲ့
သူမဆိုတဲ့ ကျတော့်ရဲ့ Princess ကို
အသက်ထက်ပိုပြီးတော့ ချစ်ပါတယ်ခင်ဗျာ.......
Thursday, May 17, 2012
ထွက်ပေါက်
ဒေပိုင် အခြေနိန်မျိုးကို အဆုံးသတ်ပလိုက်ချင်ယာ။ ထွက်ပြီးကေတောင်နောက်ထပ် တွီ့နိန်ရလတ်မေ ကြောက်လို့ ထွက်ပြီးချင်စော်မဟုတ်။ ရင်ဖတ်တိကို ဆုတ်ဆွဲပလိုက်ချင်ရေ, ဒေါသတိ, ၀မ်းနည်းနာကြင်ရေ ခံစားချက်ပေါင်းစုံနဲ့ စိတ်ကိုထိန်းချုပ်လို့မရရေ အချိန်မျိုးမှာ ကြောက်ကောင်းထမန်း ဘီးလူးနဲ့တူရေပိုင် ကိုယ့်စော်ကိုယ် မှတ်ပါလတ်တေ။
ဒေလူလာရေ အပြစ်တင်ပခရေ, ဟိုလူလာရေ ရစရာမရှိအောင် ပြောပခရေ။ မကောင်းစွာမှန်သမျှ လက်ခံချင်ချင် မခံချင်ချင် လာလာပနာ ပစ်ထည့်နိန်ကတ်တေ အမှိုက်တောင်းပိုင်ရာ ဖြစ်နိန်ယာ။ ကိုယ်တိုင်က မှားစွာရာ တခြားလူတိပါးမှာ ဒေပိုင်ပုံစံမျိုး ဆက်ဆံခံရအောင် ပပက်စစက် သူရို့တိကို ပြုမှုဖူးခလား။ သူရို့တိကို ဒုက္ခရောက်အောင် လုပ်ဖူးခလား။ ကိုယ်ပြောရဖို့စကားတိကို ( မပြောဝံ့လို့ ရင်ထဲမှာ သိမ်းထားရေ) သူ့ရို့တိက ပြောင်းပြန်ယာတခု ပြောလခကတ်တေ။ တရားခံ တစ်ယောက်ပိုင် ခံစားရအောင် လူတစ်ယောက်ကိုလဲ မလုပ်ဖူးခ။ နားမလည် လုံးဝနားမလည်။ ကိုယ့်အကြောင်း ဇာပြောနိန်ကတ်လေဆိုစွာ ဘေးပတ်ဝန်းကျင်ကို တခေါက်ချေ နားစွင့်ကြည့်လိုက်။ ကိုယ်ကောင်းကြောင်း လူတိုင်းကို လိုက်ပြောနိန်စရာမလို နောက်ကွယ်မှာ ကိုယ့်ကို တပျင်းရယ်နိန်ကတ်စွာ တချက်ချေ သတိထားပါ။
ဇာသူမှားလေ ဇာသူမှန်လေ မပြောယာ, သူ့ဘက်က ကြည့်ကေ သူမှန်စွာလဲ ဖြစ်နိုင်ရေပိုင်, ကိုယ့်ဘက်က ကြည့်ကေ ကိုယ်မှန်ရေပ။ အချိန်ကြာလာရေနှင့်အမျှ ဇာသူမှားလေ ဇာသူမှန်လေ သိလာလိမ့်မေ ဆိုပနာ ဇာသူ့ပါးက Reply ကိုလဲ လုံးဝမမျှော်လင့်။ ကိုယ့်ဘ၀မှာ ရင်သန်လာရေ အချိန်ကပင် ဒေပိုင်ပုံစံဖြစ်လို့ " ပြောင်းလဲလားရေ " ဒေစကားက ကိုယ့်တွက်မဟုတ်။ လောကမှာ အသစ်ရှိရေပိုင် အဟောင်းလဲရှိရေ မှန်ရေ။ မမှန်စွာက လူတစ်ယောက်ဘ၀ကို ဦးတည်ချက်တခုနဲ့ မ၀င်ဖူးရေပိုင် ကိုယ်ဒေလူကို မလိုအပ် သုံးပြီးယာဆိုရေ စိတ်နဲ့ တခါလဲ မထားဖူးခ။
သာမာန်ဘ၀ချေတစ်ခုကို ခခက်ခခဲရုန်းကန်နိန်ယင်း တတ်နိုင်သမျှ တခြားလူကို ကူညီဖို့ ကြိုးစားနိန်စွာ။ တခြားလူတစ်ယောက်တွက် ကိုယ်ကူညီဖို့မလိုဆိုကေ ဇာနိန်ရာကိုပင်မဆိုငြင်းရေ။ လူတစ်ယောက်တွက် ကိုယ့်အကူညီရာလိုနိန်ရေဆိုကေ အတတ်နိုင်ဆုံး လုပ်ပီးရေ အဘက်ဘက်က စိုင်းစားပီးရေ။ တစ်ယောက်ဘ၀ကိုလဲ နာကျင်၊ ၀မ်းနည်း၊ မျက်ရည်ကျအောင် ဦးတည်လို့ မလုပ်ဖူး။ မရွယ်ရည်ဘဲနဲ့ ဖြစ်လားရေ ကိုယ့်အပြုမှုတချို့ကြောင့် တပါးလူ နာကြင်လားကေ တောင်းပန်ပါရေ။
တခါတလေ အဓိပ္ပါယ်မရှိရေ အလုပ်တိ ( ကိုယ့်နှင့်သူ့တွက်ပါ အကျိုးမရှိ) ကိုလုပ်ပခလို့ အိမ်ပြန်ရောက်ကေ နောင်တရပနာ ကိုယ့်စွာကိုယ် အပြစ်တင်စွာက ကင်းဝီးအောင်ကြိုးစားနိန်စွာကို ပါရမီဖြည့်ပီးကတ်ဖို့ မျှော်လင့်မိပါရေ။ ဒေစရိုက်က မွီးလာရေကတည်းကပင် အကျွန်ပိုင်ဆိုင်ရေ Personality ဖြစ်နိန်လို့ပါ။ နားလည်ပီးစီးချင်ပါရေ။ အရင်အတိုင်းအကျွန်ပါ ပူလောင်နိန်ရေ ဒေစိတ်၊ ဒေခန္ဓာကို ဒေဘ၀ကို အီးချမ်းအောင်ထိန်းဖို့ ကြိုးစားနိန်ရရေ အသက်ရူရေ ဒေါသ မောဟ တိနဲ သက်ရှိလူသားတစ်ယောက်ပါ...
- ဇာမဟုတ် ရင်ထဲမှာ ခံစားနိန်ရရေ ၀မ်းနည်းမှုတိကို ချရီးပလိုက်စွာ, တပျင်းပေါ့လခပါရေ.....

Thursday, April 19, 2012
အတွေးထဲက မင်း
မင်း
ချချိုသသာနဲ့ သူမပြောဖူးရေ
စကားသံတိ နားထဲမှာပဲ့တင်ထပ်နိန်စွာ
ငါ့စိတ်ကူးယဉ်ထဲက ညင်သာမှုတခုရာ
နနွီးထထွီးနဲ့ မဆက်ဆံဖူးရေ
သူ့အပြုအမှုတိ
အိပ်မက်ထဲမှာ အကြင်နာအပြည့်နဲ့
မလိုအပ်ဘဲ အပိုမလုပ်တတ်
လိုအပ်တေ အချိန်ခါလဲ
ငါ့ပါးစပ်တိက စူပါဂလုနဲ့ကပ်ထားရေပိုင်
လမ်းခွဲစကားမလိုအပ်ဘဲနဲ့
ဇာချင့်တိက ငါ့ရို့နှစ်ယောက်ကြား
ပြတ်သားနလီလေ
အတိတ်ကို စိုင်းစားလိုက်တိုင်း
ဆယ်ကျော်သက်အရွယ် မဟုတ်ဘဲနဲ့
ရင်ခုန်သံတိကို ထိမ်းချုပ်လို့မရသိ
လှမ်းပနာ ပီးခရေ
ငါ့လက်တစုံလဲ လေဟာနယ်ထဲမှာ
တန်းလီတန်းလမ်း
ယုံကြည်မှု အပြည့်နဲ့ လက်တစ်စုံကို
နနက် ရှရှိုင်းတောင့်တမိရေ...
Friday, December 23, 2011
စာရွီးခြင်း
ဇာအတွက်စာရွီးလေ ဇာပိုင်စာရွီးလဲဆိုကေ
ဇာတွက်ရွီးလေ
ပြောချင်စွာတိကို ပြောချင်ရေခါ ရွီးရေ
ခံစားနိန်ရရေအတိုင်း တစ်ယောက်ပါးကလဲ
ခွင့်ပြုချက်တောင်းစရာမလိုဘဲနဲ့လဲ ရွီးနိုင်ရေ
တစ်ခြားလူကို လိမ်ချင်ရေခါလဲစာရွီးရေ
အဖြစ်မှန်ကို မပြောဝံ့ရေခါလဲရွီးရေ
နိန်မကောင်းဖြစ်ကေလေ့ရွီးရေ
အိမ်ကိုအောက်မိန့်ကေလေ့ ရွီးရေ
အသည်းကွဲနိန်ရေ အချိန်တိခါလဲ၇ွီးရေ
နားလည်ဖို့မကြိုးစားဘဲနဲ့ ပက်ပက်စက်စက် အပြောခံရရေခါလဲရွီးရေ
ထမင်းစားလို့မကောင်းကေလေ့ရွီးရေ
အလုပ်မှာ အဆင်မပြေကေလေ့ရွီးရေ
ဖေချာ့မရှိရေအချိန်ဆိုလဲ လောကကြီးက
ကိုယ့်တွက်မျက်နှာသာမပီးဆိုပနာ ရွီးမိရေ
တစ်စုံတစ်ယောက် ကိုယ့်နားကထွက်လားရေခါလဲရွီးရေ
ကဗျာဆန်ချင်ရေခါလဲ ကဗျာမဆန်ရေစာတိကို ဖွဲ့မိသိယင့်....
ဇာပိုင်ရွီးလေ
မျက်ရည်တိနဲ့ရွီင်္းရေ ပျော်ရွင်မှုတိနဲ့ရွီးရေ
သူများရင်ဘတ်ကို အငှားခံစားပနာရွီးရေ
တစ်ခါတစ်လေ ၀မ်းနည်းမှုတိနဲ့ရွီးရေ
တခါတလေ နှလုံးခုန်နှုန်းရပ်လားမတတ်
နာကြင်မှုတိနဲ့ရွီးရေ
အတိတ်ကို ပြန်ပနာ သတိတရနဲ့ရွီးရေ
နောင်တတိနဲ့လဲ ရွီးမိသိရေ
ဒေါသတိကို မျိုမသိပ်နိုင်ရေအချိန်မှာလဲ
ဒေစာမျက်နှာထက်မှာ ဖွင့်ချမိရေ....
ဇာလောက်ပင် ဇာပိုင်ပုံစံနဲ့ပင်ရွီးရွီး အချေတစ်ယောက်ရွီးရေပိုင် တိုးတတ်မှုမရှိရေ စာရွီးခြင်းတိကို အကျွန်ပိုင်ဆိုင်ထားသိယင့်။ တစ်ချို့တိက ပြောကတ်တေ အချိန်လိုရေလတ်။ ဇာအတွက်လဲမိန်းလိုက်တေ တစ်ယောက်ကဖြေရေ အောင်မြင်ဖို့လတ်။ တစ်ယောက်ကဖြေရေ စာအရွီးအသားကောင်းဖို့လတ်။ နောက်တစ်ယောက်ကပြောသိရေ ခံစားချက်အတိုင်း စာရွီးလို့မရလတ်။ အကျွန်ကတော့ ခံစားချက်မပါကေ စာရွီးဖို့ထားအုန်းသိ ဖောင်တိန်တောင်မကိုင်ချင်။ အောင်မြင်ဖို့တွက် စာရွီးစွာဆိုကေ ယင်းလူကို အထင်ကြီးမိဖို့မဟုတ်။ စာအရွီးအသားကောင်းဖို့တွက် အချိန်အတိုင်းအတာ လိုရေပိုင် စာဖတ်ခြင်းကလဲ မရှိမဖြစ်အရာတစ်ခု။ အကျွန့်၏ စိတ်နှလုံးထွက်ပေါက်စွာ စာရွီးခြင်းဖြစ်တေပိုင် သေချာစွာတစ်ခုက ရွီးချင်လို့ရွီင်္းရေ........ :)

Saturday, December 10, 2011
အလွမ်းတိနဲ့ ဒီဇင်ဘာ
တစ်ရက်ပြီးတစ်ရက်ပြီးနဲ့ တစ်နှစ်ကုန်ဖို့နီးပါလတ်ယာ။ ကိုယ့်ရွာမှာခါ ပုဆိုးထဲမှာခေါင်းကိုဝှက် ခန်ထာကိုကုတ်နိုင်သမျှကုတ်ပနာ အအီးဒဏ်ကို အံတုန်နီခရရေ။ ရီခြားမြီခြားမှာ အေးကွန်နဲ့ ဖန်တီးပနာ ရိုက်ခတ်လာရေ အအီးဓါတ်ကို ငါ့ရို့တိ ခံစားနိန်ကတ်ရရေ။ အတုတကာ့ အတု ဒေအအီးတုလောက်တော့ ပျင်းတောင်ပျင်းသိ့ရေလို့ ပြောပလိုက်ချင်ရေ။ အိမ်ကထွက်တေ ဆိုလောက်ကပင် အတုတိဇာလောက် ကြုံပြီးယာလေမသိ။
တစ်ချို့တိကစကားကို ပျားရည်တောင် ရှုံးပါလားအောင် ချချိုသသာနဲ့ ၀ါပြောကတ်တေ။ တစ်ချို့တိက မဲ့ချင်နိန်ရေစိတ်ကိုထိမ်းပနာ အပြုံးတုနဲ့ပြုံးပြကတ်တေ။ တစ်ချို့တိက လူပါးအထင်ကြီးခံရဖို့ ရင်ထဲကမပါဘဲနဲ့ ကြီးကျယ်မြင့်မြတ်တေဆိုရေ အလုပ်တိကို သူ့ရို့အတ္တတွက်လုပ်ကတ်တေ။ တစ်ချို့တိက ကိုယ့်လောဘကို မကွယ်နိုင်ဘဲ ရိုးသားဟန်ဆောင်ကတ်တေ။ အကျွန်တော့ခါ ဒေချင့်ထက်ဆိုးရေအတုတိကို လုပ်တေအထဲမှာပါနိန်ရေ။ ဆောင်းအငွေ့အသက်တိနဲ့ အီးမြနိန်ရေနှင်းကို မခံစားရဘဲ ဒီဇင်ဘာအတုနဲ့ကြုံရစွာ ၆နှစ်မြောက်ဖြစ်လခဗျာလ်။ နောက်ထပ် ဇာလောက်ထိ မင်းကိုယ်ငွေ့အစစ်အမှန်ကို မြင်ရဖို့လဲ ဒီဇင်ဘာ......
အခွင့်ကြုံရေတစ်နိန် ဆောင်းရာသီရောက်တိုင်းပွင့်နိန်ကျ ငါ့အိမ်ရှီ့က တောဇလပ်ပန်းတိကိုဆွတ်ပနာ အချေခါပိုင် ဆရာမကိုလားပနာပီးချင်ရေ။ မိုးထဖက် လေးနာရီကပင် အိမ်နောက်ဖေးမှာ မီးလှုံနိန်ရေ အဘိုးရှင်နဲ့အဘောင်ရှင် ကြာနီကန်အရှင်ဘုရားဟောရေ ဓာရဏပရိတ်တော် အသံကိုဒေကုထက်ထိ ငါမြင်ယောင်နိန်တုန်း ငါကြားနိန်တုန်း။ ဒေပိုင်လှပရေ မြင်ကွင်း ပြည့်ပြည့်စုံစုံ ငါမမြင်ရဗျာလ်။ လောကကြီးက စစောစစီး ထွက်လားခရေအဘောင်ရှင်ကို အအီးချချမ်းရှိပါစီလို့ မီးဖိုဘေးမှာလဖက်ရည်သောက်ပနာ တစ်ယောက်တည်း မေတ္တာပို့လို့ အဘိုးရှင် ရှိနလီဖို့လား။ မြို့ပြဒီဇင်ဘာကို မုန်းပါရေ အဘိုးရှင် .......
ချမ်းကေ ရီပူချိုးဖို့ Heater တိအဆင်သင့်ရှိနိန်ရေ နိန်ရာကနိန် နီပူခံပနာချိုးရရေရီကို ဒီဇင်ဘာရောက်တိုင်း အောက်မိန့်ပါရေ။ နှစ်သစ်တွက် နှစ်အဟောင်းကို လက်ပြရဖို့ယာ။ နှစ်တစ်နှစ်ကြီးလာရေပိုင် ငါ့ရို့တိလဲ အသက်တိကြီးပါလတ်ကတ်တေ။ လုပ်ခသမျှအမှားတိကို ပြန်ပနာသုံးသပ်ပြီးကေ အကောင်းဆုံးကိုလုပ်ဖို့ ဆုံးဖြတ်ချက်တိချ။ ချမ်းအီးလှရေ ဒီဇင်ဘာကို ငါ့ရို့ အလွမ်းတိနဲ့ ဖြတ်ကျော်ကတ်ရဖို့သိ........

Friday, November 25, 2011
အားတင်းထားပါဝေ
ညီမချေ
ငိုထားမှန်းသိသာရေမျက်လုံးတိနဲ့ ငါ့ညီမ အချေလဲမဟုတ် အမိကိုအောက်မိန့်လို့ ငိုထားရေဆိုဝေါ...
ဖျားလို့ အိမ်ကပီးရေ နွီးထွီးမှုတိကို တောင့်တပြီးကေငိုစွာကို နားလည်မိရေဝေ... အိမ်နဲ့ဝီးရေလူက ညီမချေတစ်ယောက်တည်း မဟုတ်ဆိုစော်ကို ခေါင်းထဲမှာထည့်ထားလိုက်နန်း...
တခြားလူတိ ဒေဝေဒနာကိုကျော်ဖြတ်နိုင်ကေ ညီမချေကလူထဲက လူမဟုတ်လား ရင်ဘတ်ထဲက နာကြင်မှုတိကို ခေါက်ထားလိုက်တစ်ချက်ချေ...
ထောထိုမှာ ညီမချေနိန်ချင်ရေအိမ် တစ်ရက်ပြီးတစ်ရက် နီးကပ်လာယာ အားတင်းထားပါဝေ...
လောကကြီးမှာ ညီမချေထက် ဆိုးရေလူတိအများကြီး မိဖမရှိရေအချေတိ ထမင်းနပ်မှန်အောင်မစားရရေလူတိ
အဘာ အမင်ဇာသူလဲဆိုစော်ကို မသိဘဲနဲ့ ကြီးပြင်လာရေ လူတိလဲ အများကြီး ကိုယ့်ဘ၀ကို ကိုယ်အားမငယ်ပါကေ့ဝေ...
လူတိုင်း ကိုယ်လောင်းချေကို ကိုယ်တတ်နိုင်သမျှ အားတင်းပြီးကေ လှော်နိန်ကတ်စွာမှာ ညီမချေ မလှော်ပဲနဲ့ ရပ်ပနာ ကျန်ဟိခဖို့လား
ကမ်းက မ၀ီးဗျာလ်ညီမချေ အားတင်းထားပါဝေ...
စိတ်ဓါတ်ကျရေ အချိန်တိုင်း အားငယ်ရေ အချိန်တိုင်း နိန်မကောင်းဖြစ်ရေ အချိန်တိုင်း မယ်မယ်နာမည်ကို အော်ပနာငိုဖို့လား အဘောင်ရှင်နာမည်ကို အော်ပနာငိုဖို့လား ငိုပါဝေ... ယကေ့လေ ဆီးသောက်ဖို့ အစာအချိန်မှန်စားဖို့တော့ မပျင်း မကြောက်ကေ့ ယေပြီးနာ အထီးကျန်လို့ ဆိုပြီးကေတော့ မငိုကေ့နန်း...
ချစ်ဖို့ကောင်းရေ မိသားစုက ညီမချေနားမှာ အမြဲတမ်းရှိနိန်စွာကိုတော့ မမိန့်စီချင်ဝေ သူရို့တိလဲ ညီမချေ ဒေ၇ီပြင်ကြီးကို အပြုံးနဲ့ရင်ဆိုင်နိုင်ရေဆိုပနာ တနိန်ရာက စောင့်ကြည့်နိန်ကတ်တေ သူ့ရို့နားကို ရောက်ဖို့ကောင်းမလိုဗျာလ် ညီမချေ အားတင်းထားပါဝေ...
ပြောစရာတစ်ခုကျန်ခသိရေ ညီမချေ ငိုကေအရုပ်ဆိုးရေ မငိုကေ့နန်း... ပန်းတကာ့ပန်းမှာ အပြုံးပန်းက အလှဆုံးပါဝေ... ယင်းပန်းချေကို ငါ့ညီမချေ အမြဲတမ်းပန်းဆင်နိုင်အောင်ကြိုးစား...
အိမ်လွမ်းရေ တေးခြင်းတိကိုဂျေးယာ နားမထောင်ကေ့နန်း... မီးလောင်ရာကို လီမပင့်ပါကေ့ဝေ ညီမချေ...
အားတင်းထားပါဝေ
အားတင်းထားပါဝေ
အားတင်းထားပါဝေ...

Subscribe to:
Posts (Atom)