Pages

Tuesday, October 29, 2013

ဒိုင်ယာရီထဲက လူတစ်ယောက်အကြောင်း

မသေရေစာ ရခဲ့တဲ့ သူ့ကြင်နာမှုကို တွယ်တာခဲ့တော့ ယောင်ယောင်မှားမှားနဲ့ လမ်းမှားရောက်လာခဲ့ပေမဲ့ မလွတ်တမ်း ဖမ်းဆွဲချင်ထားဖူးခဲ့တဲ့ လူတစ်ယောက်ကို အမှတ်မထင် လေဆိပ်မှာတွေ့တော့ လမ်းနှုတ်ဆက်ဖို့တွက် ကျွန်မပါးစပ်တွေ ဖွင့်မရလောက်အောင် အင်အားမဲ့နေခဲ့တယ်…….. ပါးစပ်တစ်ခုတည်းဆွံအံနေတာမဟုတ် ကျွန်မနှလုံးသားလဲ ထုံကျင်နေခဲ့တယ်။ ခံစားချက် တစ်စုံတစ်ရာကျန်ရှိနေသေးတယ်ဆိုတာ စမ်းသပ်စရာမလိုဘဲ တထိတ်ထိတ်ခုန်နေတဲ့ ရင်ခုန်သံက သက်သေပြခဲ့တယ်။ အစွမ်းရှိတဲ့ သူကား ကျွန်မကမ္ဘာကိုကြီးစိုးမိုးထားခဲ့တာ အခုချိန်ထိပါပဲလား …. သူ့ရှေ့ရောက်ရင် ဖြစ်နေကျအတိုင်း အယောင်ယောင်အမှားမှား အရင်လို့မဖြစ်ဖို့တွက် ကျွန်မခြေလှမ်းတွေက သူနဲ့ အဝေး Check-In Counter ဆီကိုပဲ သူ့ဆီက ကိုယ့်နာမည်ခေါ်သံကြားမလား နားစွင့်ရင်း ဦးတည်ခဲ့တော့တယ်…..

ပိန်ပိန်မဲမဲလေး အပျိုရွယ်မ၀င်သေးပေမဲ့ သူ့ကို စတွေ့ပြီးနောက်ပိုင်း မိန်းမနဲ့တူအောင် လုံချည်ဝတ်ဖို့ ၈တန်းနှစ်ကတည်းက ကြိုးစားဖူးခဲ့တယ် ကျွန်မဟာ 23နှစ်ဆိုတဲ့ အရွယ်ရောက်လာတော့ သူ့မျက်လုံးထဲ အရင်အတိုင်း ငါပဲလားလို့ ကိုယ့်ပါကို မဆီမဆိုင် ပြန်သုံးသပ်မိရဲ့။ အမြဲသတိတရရှိခဲ့တဲ့ လူတစ်ယောက်ကို မရည်ရွယ်ဘဲ တွေ့ပြန်တော့ အရင်လို လမ်းခွဲတိုင်း သူ့ကျောကုန်းကို မကြည့်ရရင် မနေနိုင်ဘဲ လှည့်ကြည့်မိတော့ ရယ်မောမောနဲ့ ကောင်မလေးတစ်ယောက်ခါးကိုဖက်ထားတဲ့ သူ့လက်တွေကိုမြင်တော့ ပျော်ရွင်ခြင်းထက် ဒီတစ်ခါလဲ ငါရှုံးပြန်ပြီဆိုတဲ့ အသိနဲ့ ၀မ်းနည်းရပြန်တယ်။

လေယဉ်ပေါ်ရောက်မှ ဟင်းခနဲ သက်ပြင်းချပြီး စာမျက်နှာတိုင်း သူမပါရင် မပြီးတဲ့ ဒိုင်ယာရီကို ဖွင့်မိပြန်ပြီ။ အခြေအနေတစ်ခု တည်ငြိမ်ဖို့ ရုန်းကန်ရတဲ့ နိုင်ငံခြားမှာ ပင်ပန်ခြင်းဆိုတာက အဖော်ပါ။ ညဉ်းပြတာကို စိတ်ရှည်ရှည်နဲ့နားထောင်ပေးတဲ့ ဒီဒိုင်ယာရီဆိုတာလဲ ရင်ထဲ ကျိတ်ခံစားခွင့်မပေးတော့ နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးတဲ့ ကျွန်မ အချိန်မှန်သုံးစွဲတဲ့ အားဆေးကြီးပေါ့လေ။

အချိန်ကား ဘယ်သူ့မှ ဂရုမစိုက်ဘဲ သူ့ပါသူ ရပ်တည်နေပေမဲ့ ဒါဏ်ရာတစ်ခုကုစားဖို့အတွက် အတိုင်းအတာဆိုတဲ့ အချိန်တစ်ခုအောက်မှာကား ကျွန်မအလူးအလဲ နာကျင်စွာနဲ့ မကုန်နိုင်တဲ့ အချိန်တွေကို မုန်းတီးဖူးခဲ့တယ်။ လက်ရှိဘ၀ဆိုတာ ရုပ်ရှင်ထဲက လုပ်ဇတ်မဟုတ်တော့ လက်တွေ့မှာလဲ အချစ်နဲ့ဘ၀ကား သီးသန့်စီပင်။ နှလုံးသားနဲ့ ရွေးချယ်ခွင့်ပေးခဲ့တယ် အသက်ရွယ်တစ်ခုကိုတောင် ကျွန်မကျော်လွန်းနိုင်ခဲ့ပြီဆိုတော့ အရာရာကို ဦးနှောက်နဲ့ဆုံးဖြတ်ရမဲ့ ဒီအချိန်ရောက်မှတော့ ကလေးမဆန်တော့ပါဘူးလေ……………….

Sunday, October 27, 2013

ကျွန်မဖတ်ဖို့

ခြေထောက်မရှိတဲ့ လူတွေကိုမြင်မှ
ကိုယ်လက်အင်္ဂါပြည့်စုံနေတဲ့
ကိုယ့် ခန္ဒာကို သတိထားမိပြီး
ကျေးဇူးတင်ရကောင်းမှန်းသိလာတယ်

အနားမှာ ဘယ်သူမှမရှိ အထီးကျန်လာမှ
ငါဒီထက်ပိုပြီး လူတွေကို
အကြင်နာတရားနဲ့ ဆက်ဆံခဲ့ရင်ကောင်းမှာပဲလို့
နောင်တရလာတယ်

ဂုဏ်သိက္ခာကိုရောင်းပြီး အလုပ်လုပ်နေရသူတွေကို တွေ့မှ
ကိုယ့်အလုပ်ကို တန်ဖိုးရှိမှန်း ဂုဏ်ယူတတ်လာတယ်

စကားမပြောနိုင်တဲ့ လူတွေနဲ့ဆုံဖူးမှ
အတင်းပြောတတ်တဲ့ ကိုယ့်ပါးစပ်က သူတို့လောက်တောင်
အသုံးမ၀င်ပါလားလို့ သံဝေဂရလာတယ်

သေမလောက်နာကြင်ခြင်းကို အောင့်အီးပြီး
ကင်ဆာရောဂါကို တိုက်ခိုက်နေတဲ့ ကလေးတွေကို မြင်တော့
ပင်ပန်းလွန်းလို့ အသက်ရှင်နေတာကို ညဉ်းတွားမိတဲ့
ကိုယ့်ကိုကိုယ် ရှက်လာတယ်

တနေ့ သူပြန်လာပါလိမ့်မေ

မိုးဖွဲဖွဲကျတဲ့ တနေ့
ကံ့ကော်ပန်း တပွင့်ပေးဖို့
နွေရာသီထဲမှာ သူပြန်လာခဲ့မယ်တဲ့

ချောင်းဘေးနားက
တံတားလေးသာ ဒီအတိုင်းရှိနေသေးရင်
အရင်လိုပဲ ညနေခင်းကို ထိုင်ငေးဖို့
သူပြန်လာခဲ့မယ်တဲ့

ရှုပ်ထွေးလွန်းတဲ့ လောကကြီးကို ကျောခိုင်းပြီး
ရွာဘေးနားက လေတဟူးဟူးတိုက်နေတဲ့
တောင်ပေါ်ထက်မှာ ကော်ဖီတူတူသောက်ဖို့
သူပြန်လာခဲ့မယ်တဲ့

နှစ်တနှစ်ရဲ့
ပထမဆုံးနေရောင်ခြည်ကို တူတူထိတွေ့ဖို့
သူပြန်လာခဲ့မယ်တဲ့

ဈေးသွားရင်
တစ်သက်လုံး ခြင်းတောင်းကိုင်ပေးဖို့
တနေ့အရောက် ပြန်လာခဲ့မယ်လို့
မသွားခင် သူကတိပေးသွားခဲ့တယ်

အဲဒီ့တနေ့ဟာ
ဆယ်စုနှစ် တစ်ခုကျော်လွန်း သွားပေမဲ့
ပြန်လာခဲ့မယ်လို့ ပြောခဲ့တော့
သူဟာ သစ္စာရှိတဲ့သူပေါ့

ဘ၀ဆိုသော ခရီးတို


ဘ၀ဆိုတာ ဘယ်အချိန်ပြီးဆုံးမဲ့ မသိတဲ့ ခရီးတိုတစ်ခု။ အဲဒီခရီးမှာ လူပေါင်းများစွာကို စရိုက်မျိုးစုံနဲ့ ကြုံတွ့ကြရတယ်။ မိတ်ဆွေစစ်ရှားပါးသော်လည်း လဲကျရင် လက်ခုပ်တီးမဲ့သူကား များပါးလွန်း၏။ ကိုယ့်စိတ်အလိုမကျတော့ လူတွေကို ကိုယ့်အတ္တကို ဦးစားပေးပြီး မတူမတန် ဆက်ဆံခဲ့တာတွေကို နောက်တရပြန်တော့ လမ်းဆုံးကိုမြင်နေရပြီ။

ဘာဖြစ်မှာမှန်းမသိတဲ့ အနာဂါတ်ကို တွေးပူပြီး စားချင်တာမစားရဲ ၀တ်ချင်တာမ၀ယ်ရဲ သွားချင်တဲ့ခရီး စရိတ်ကြီးတော့မသွားရဲနဲ့ ပိုက်ဆံပဲစုလာတော့ ဘ၀ဆိုတာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ်နေချင်သလို မနေခဲ့ရတဲ့ ၀မ်းနည်ဖွယ်ခရီးဖြစ်လာတယ်။

တကယ်လို့ မနက်ဖြန်သာ ငါ့နောက်ဆုံးခရီးစဉ်ဆိုလျှင် ကျုပ်တို့တွေ ခုလိုမျိုး အချိန်ဖြုန်းနေအုန်းမှာလား။ ခုလိုများ သူငယ်ချင်းဘေးမှာထားပြီး ရည်းစားမျက်နှာကြည့်သလို ဖုန်းကိုတစိမ့်စိမ့်ကြည့်နေအုန်းမှာလား။ အဖေအမေဆီကို ငွေလွှဲလိုက်ပြီဆိုတဲ့ သတင်းပြောဖို့ တစ်လမှာမှ တစ်ခါတည်း ဖုန်းဆက်အုန်းမှာလား။ ပင်လယ်ပြင်က နေထွက်ချိန် နေ၀င်ချိန်ကြည့်ဖို့ ခရီးစရိတ် နှမြောနေအုန်းမလား။ တစ်ယောက်ယောက် ဒုက္ခဖြစ်နေရင် ငါနဲ့ မဆိုင်ဆိုတဲ့ စိတ်နဲ့ နေအုန်းမလား။

Life is too short for any regrets
Live each day as if its your last
One day, Someday is here.......

Friday, September 20, 2013

တွေးမိတွေးရာ

တတ်တူးထိုးခြင်းသာ
နောက်ဆုံးပေါ် ရူးသွပ်မှုဆိုလျင်
မျက်နှာပေါ်တွင် ဆေးမှင်ကြောင်ထိုးထားသော ချင်းလူမျိုးများသည်ကား
ရှေးနှစ်ပေါင်းများစွာကပင် ဖက်ရှင်ကိုတီထွင်ခဲ့ခြင်းဖြစ်လေသည်

ဆေးလိပ်သောက်ခြင်းသည်သာ
စိတ်ဖိစီးမှုရဲ့ ပြတင်းပေါက်ဆိုလျင်
စောစောစီးစီးသေခြင်းကား မှန်ကန်ခြင်းသက်သေဖြစ်လေသည်

အရက်သောက်ခြင်းသည်
ယောက်ကျားတစ်ယောက်ရဲ့ ထွက်ပေါက်ဆိုလျင်
မျက်ရည်ကျခြင်းဆိုသည်မှာကား
မိန်းမတစ်ယောက်ရဲ့ နှလုံးသားပေါက်ကွဲသံဖြစ်လေသည်

Tuesday, September 3, 2013

Miss U

အိပ်မရလို့ လွမ်းတာမဟုတ်
သတိရလွန်းလို့ အိပ်မပျော်တာ

ခြေရာဖျောက်သောသူကို
Onlineမှာ ရှိမရှိ ဖမ်းမိဖို့
Viber ကိုဖွင့်မိပြန်တော့
သူ့ပုံလေးကိုပဲ ချဲ့ချဲ့ပြီးငေးမိတာ
သဲလွန်စရထားတဲ့ စုံထောက်တစ်ယောက်လိုပေါ့

ပြောင်းသမျှ ပုံကိုစောင့်ကြည့်ပြီး
သူ့စိတ်ဘယ်လိုနေမလဲလို့ အကဲဖြတ်တဲ့
ဓါတ်ပုံဖတ်သူဟာ ငါ

စကတည်းက တစ်ဖက်သတ်ဆိုတော့
အချစ်ဆိုတာလဲ
ဘာကံကောင်းခြင်းမှ သယ်မလာဘူးပေါ့

တိမ်မဖုံးထားတဲ့ လကို ခံစားဖို့
မီးတွေပိတ်ပြန်တော့လဲ
သတိရအောင်လုပ်ခဲ့သူ တစ်ယောက်ကို
ရူးမတတ်လွမ်းဆွတ်မိတယ်

သူဆီကို " Miss U" လို့ Message
တစ်နေ့တစ်နေ့ ဘယ်နှစ်ကြိမ်ရိုက်မိမှန်းမသိ
ဒါပေမဲ့
Send ဆိုတာကို နှိပ်ဖို့
ငါ့လက်တွေ အမြဲ ကြေက်ရွံနေတယ်ဟ

Thursday, August 29, 2013

Life is Journey


Mum & Younger brother were crying for letting me go beside my lifeless body.
They wanted me to stay but didn't want me to hurt anymore.
Bro's singing for making me laugh just to comfort me.

Every night I fell asleep Mum's holding my hand like she could touch them never.
Sometimes I'd listen outside her door and I'd hear how mum cried for me in the middle of the night.
She complained to the God about Leukemia.
She's afraid to see the truth.

I prayed for her more than me because she'd lost my dad before.

I wished i could have stopped the time without pain.
Time's running out so fast.
I was in the precious days with the people I loved.


Yup, Life is just journey.
There are the start and the end of living. 
There is no chance to create the life what we want to.
 I would have gone earlier because my journey is too short.
But you cannot run away from the end too that's why live happily when you are alive.

ထိုသူကား လူဖြစ်၏

စိန်လက်စွပ်ချင်း တူရင်တောင်
သူဌေးဝတ်တဲ့ လက်စွပ်မှ
အစစ်လို့ မြင်သူ

အ၀တ်အစားချင်း တူရင်တောင်
ချမ်းသာတဲ့သူ ၀တ်ထားတာမှ
Brand အစစ်လို့ ယုံကြည်သူ

အပြုံးချင်းတူရင်တောင်
ချမ်းသာတဲ့သူ ပြုံးပြတာကိုမှ
ဂုဏ်ယူမဆုံး ဖြစ်တတ်သူ

အသားမဲတာချင်းတူရင်တောင်
မဲပြာနေတဲ့ သူဌေး အသားရေကိုမှ
ညိုချောလေးလို့ ထင်တဲ့သူ

ဆရာဝန်ချင်းတူရင်တောင်
ဈေးကြီးပေးပြီး ကုရတဲ့ဆေးခန်းမှာ
ထိုင်တဲ့သူကိုမှ
ဆရာဝန်လို့ အားကိုးမိသူ

တပည့်ချင်းတူရင်တောင်
ဒေါ်လာပေးပြီးတတ်တဲ့
နာမည်ကြီးသားသမီးများကိုမှ
တပည့်လို့ ခေါ်ဝေါတတ်သူ


အသုဘချင်းတူရင်တောင်
တစ္ဆေဘ၀ကနေ
ငါ့အသုဘကို ဘယ်သူတွေလာတယ်

စည်ကားလိုက်တာလို့ 
ငရဲဘ၀နဲ့ ကြွားမည်သူ

Saturday, August 17, 2013

ဘ၀နှင့် အချစ်


ဆေးလိပ်ဖွါပြီး စဉ်းစားရခြင်းက
မောင့်အတွက် စည်းစိမ်ဆိုလျှင်
မျက်နှာကြက်ကို ငေးပြီး တွေးတောရခြင်းက
ကိုယ့်တွက် သုခပင်

စွယ်တော်ရွက်တွေခူးပြီး
စာအုပ်ကြားထဲညှပ်ခဲ့တဲ့ မောင်ဟာ
ကဗျာစာအုပ်ကို ချိုင်းကြားညှပ်ပြီး
ခေါင်းငိုက်စိုက်နဲ့ လမ်းလျှောက်နေလေပြီ

အချိန်ကား
လူကိုမစောင့်သော်ငြားလဲ
လူကိုပြောင်းလဲနိုင်စွမ်းရှိ၏
ထိုပြောင်းလဲခြင်းတရားတွင်လဲ
လူကောင်း လူဆိုး အဖြစ်ခိုင်းစေသည့်
အဓိကတရားခံကား ရွေးချယ်ခွင့် မရှိတဲ့
လောကဓံပဲမောင်


လူတန်းစားနှစ်ခု မတူညီခြင်းသည်ပင်
ခွဲခွါခြင်းရဲ့ အစဟု
မောင်ကား လက်တွေ့ဆန်ဆန် စွပ်စွဲခဲ့တယ်

 
မောင်ပြောသလို
ပြေးတတ်နေတဲ့ ကုန်ဈေးနှုန်းကို
ရေခဲအုပ်ပြီး ကျခိုင်းလို့ မရသလို
ဘ၀နှင့် အချစ် ထပ်တူကျဖို့က
လူနှစ်ယောက်တည်းနဲ့ မပြီးဘူး

နင်နဲ့ငါ

မအားတဲ့ကြားက အချိန်တွေကိုဖဲ့ပြီး
နင့်ကို တွေ့နိုင်ဖို့ ကြိုးစားခဲ့တယ်
သူစိမ်းတစ်ယောက်ထက် ငါက အရေးမပါတော့
ရင်နာမိတာကလွဲလို့ ငါ့နှလုံးသားကို ရိုက်ခွဲပြီး
လမ်းခွဲကြစို့လို့ ပြောဖို့ အားနာတယ်ဟ

မိန်းကလေးပေမဲ့ တခြားသူတွေထက် ပိုပြီးအားငယ်တတ်သူဟာ
ခံစားရလွယ်တတ်တယ်လို့ ပြောပြီး နင်ပဲ မေ့သွားတာလား
မဟုတ်ဘဲ ငါကပဲ ရင့်ကျက်သွားတာလား
ရင့်ကျက်တယ်ဆိုရင်လဲ ဟန်ဆောင်တာ ဖြစ်လိမ့်မယ်လို့
မျက်ရည်စိုနေတဲ့ ခေါင်းအုန်းလေးက
ညတိုင်းပြောလိမ့်မေ

မကြိုက်တာတွေ လုပ်နေတဲ့ နင့်ကိုဟန့်တားဖို့
ငါ့မာနက ခွင့်မပြုဘူး
"တကယ်ချစ်ရင် ပြုပြင်ပါလိမ့်မေ
ပြောနေမဲ့အစား စောင့်ကြည့်ပါ
စောင့်ကြည့်လိုက်မှ ဒီအတိုင်းဆိုရင်
နင်ပဲ ပြောင်းလဲပါ
တစ်ဘ၀လုံး နှလုံးရောဂါရမဲ့အစား
တစ်ခါတည်းသာ ဆေးကုလိုက်ပါ " တဲ့

ပင်ပန်းလွန်းတော့
မဆုံနိုင်တဲ့လမ်းကို ဒုက္ခခံပြီး
ဖောက်မနေတော့ပါဘူး

Saturday, August 10, 2013

နှစ်ဆယ့်တစ်ရာစု ခေတ်ပါ အမေ


မိန်းကလေးတွေ သူတို့တန်ဖိုးကို
ပေတံတိုတိုလေးနဲ့သာ တိုင်းတာလာကြတာ
ယောင်္ကျားလေးရှားတဲ့ခေတ် ရောက်လာလို့ပါ အမေရယ်

ဟိုဘေလ် ဒီဘေလ်
ဟိုအသင်း ဒီအသင်း
ဟိုအလှု ဒီအလှုနဲ့
လိုချင်တဲ့ပစ္စည်း ၀ယ်ချင်ပြန်တော့
စိတ်က မ၀ယ်နဲ့လို့ တားသော်ငြားလဲ
ခြေထောက်က ဆိုင်ရှေ့က မခွါနိုင်မှတော့
လစဉ် လိုငွေပြနေတာ အဆန်းမှမဟုတ်တာ
ဒါလဲ ငွေဈေးကျပြီး ကုန်ဈေးနှုန်းတတ်လာတဲ့
21ရာစု ခေတ်ကြောင့်ပါ အမေရယ်

ဒီခေတ်မှာ ကြက်သားဟင်းဝယ်လာတိုင်း
ဈေးခြင်းတောင်းကို အားရပါးရကိုင်
ခေါင်းကိုမော့ကာ မြောက်ကြွမြောက်ကြွ ခြေလှမ်းနဲ့
လမ်းမှာတွေ့တဲ့ လူတကာကို လိုက်နှုတ်ဆက်တဲ့ လူတွေလဲရှိတယ် အမေရယ်

ဘောင်းဘီဖင်ကျွတ်ဝတ်တဲ့ ကောင်လေးတွေရှိလာမှတော့
ကောင်မလေးတွေ တဖြည်းဖြည်း အောက်ကတို အထက်ကဟိုက်လာတာ
ဘယ်သူ့အပြစ်တင်ရမှာတုန်း
အဘွားပြောသလို ညည်းတို့မွေးတဲ့ ခေတ်ကိုက မကောင်းတာပါ အမေရယ်

ကျုပ်ချစ်သော မြို့

ထိုမြို့ကား မယူမြစ်ဘေးမှာ ခန့်ခန့်ညားညားတည်ရှိနေတဲ့မြို့
ထိုမြို့ကား ရေလမ်းတစ်ခုတည်းသာရှိတဲ့ ဆက်သွယ်ရခက်တဲ့မြို့
ထိုမြို့ကား ကုလားမရှိ ဗုဒ္ဓဘာသာသီးသန့်နေထိုင်သောမြို့
ထိုမြို့ကား ဘဲငါးရာတောင်မှနေထွက်ပြီး မေယူတောင်တန်းထဲသို့နေ၀င်တဲ့ အလွန်လှတဲ့မြို့
ထိုမြို့ကား ငွေကြေးမချမ်းသာပေမဲ့ ပညာတတ်မဆင်းရဲတဲ့မြို့
ထိုမြို့ကား အင်တာနက်မရှိပေမဲ့ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်ရှိတဲ့မြို့
ထိုမြို့ကား အဝေးကကြည့်ရင် စေတီဖြူဖြူလေးတွေနဲ့ အလွန်ကျက်သရေရှိတဲ့မြို့
ထိုမြို့ကား ပညာတတ်တွေတွက် အလုပ်ရှားတဲ့မြို့
ထိုမြို့ကား သာရေးနာရေးတွက် အားတတ်သရော လုပ်ကိုင်ကြတဲ့ လူငယ်တွေရှိတဲ့မြို့
ထိုမြို့ကား ညကျရင် ဆွေးဆွေးမြေ့မြေ့ သီးချင်းသံတွေကြားရတဲ့ အနုပညာရှင်တွေများတဲ့မြို့
ထိုမြို့ကား ည ၇ နာရီကနေ ည၁၀ နာရီထိသာ မီးရတဲ့မြို့
ထိုမြို့ကား ကားမရှိပေမဲ့ ဆိုက်ကားများသောမြို့
ထိုမြို့ကား မိုးရွာရင် ရွံထတဲ့မြို့
ထိုမြို့ကား ကျုပ်ချစ်တဲ့ မွေးရပ် " ရသေ့တောင်" မြို့

Friday, August 9, 2013

မျက်နှာ

နာကျင်တဲ့ဒဏ်တွေကြားက ပြုံးပြနေတဲ့ မျက်နှာတခုကို
မျက်လုံးစဖွင့်ကတည်းက ပထမဆုံးမြင်ဖူးခဲ့တယ်

ကိုယ့်ကိုလာရန်မူတဲ့ သူတွေကို
ပြန်လည်တိုက်ခိုက်နေတဲ့ ခြင်္သေ့လိုမျက်နှာမျိုးလဲ
သူ့ဆီမှာတွေ့ရတတ်တယ်

လောကဓံကြောင့်
အဲဒီ့မျက်နှာဟာ နွမ်းရိနေပေမဲ့
ကိုယ့်ကိုမြင်ရင် အမြဲတမ်း ရွှင်လန်းနေတတ်တယ်

တခါတလေ တိတ်တိတ်လေး ငိုတတ်ပေမဲ့
ကျုပ်မသိအောင်
မျက်ရည်တွေကို ၀ှက်ကွယ်ထားတတ်တယ်

ဇရာကြောင့် အဲဒီ့မျက်နှာဟာ
အရေကြောင်းတွေပေါ်လာပေမဲ့
သူ့ရဲ့ နှပျိုနေတဲ့ မျက်ဝန်းတွေဟာ
ကိုယ့်အတွက် ဘယ်တော့မှ
ပျောက်ဆုံးမသွားခဲ့ဘူး

ဘယ်အရာနဲ့မှ လဲလို့မရဘူး
သက်ရှိသက်မဲ့တိုင်းရဲ့ မေတ္တာရှင်
သားသမီးတွက်ဆိုရင် အသက်တောင်လဲဝံတဲ့
မွေးမိခင်ရဲ့ အေးမြလှတဲ့ မျက်နှာ....

Wednesday, July 31, 2013

အဆုံးမရှိတဲ့ သောက

မျှော်လင့်သလို ဘာမှဖြစ်မလာ
ပြန်ညှိတော့လဲ ရလာတာက မျက်ရည်
ဖွင့်ပြောဖို့ ကြည့်ပြန်တော့လဲ
လူတိုင်း ကိုယ့်အပူနဲ့ ကိုယ်


အိပ်ကုတင်တခု
အ၀တ်ဗီရိုတခြမ်းကို မျှသုံးနေရတဲ့
ကြမ်းပြင်ပေါ် လူးလိမ့်အုန်းပေါ့လေ

မသွားလို့ မရတဲ့ အလုပ်ဆိုတော့
မို့နေတဲ့ မျက်လုံး ရေခဲရိုက်
ပြီးတော့
ဟန်ဆောင်ပြုံး တပွင့်ပါ
နင်ပန်ဆင်လေအုန်း

အစဆုံး ရှာမတွေ့တဲ့
ကြက်ဥကို ရိုက်မခွဲရဲတော့
ထမ်းထားတဲ့ တာဝန်ကျေဖို့
ပခုံးနှစ်ဖက် တောင့်ခံထားအုန်းလေ

Thursday, July 25, 2013

ပါးပါးလေးပဲ ကျန်တော့တယ်

စောင့်ရဖန်များတော့ စိတ်ရှည်ခြင်းတွေ ကုန်ဆုံးလာတယ်
ဥပက္ခာ ပြုခံရဖန်များတော့ လှောင်ရယ်တတ်လာတယ်
ပကာသနတွေများတော့ တန်ဖိုးမဲ့လာတယ်
ရင်ထဲ သိမ်းထားတာများတော့ နှလုံးရောဂါရလာတယ်
ပြောခွင့်မရှိမှတော့ မျက်ရည်တွေခမ်းခြောက်လာတယ်
ယုံကြည်မှုမရှိမှတော့ သစ္စာဆိုတဲ့ အဓိပါယ် ဖွင့်ရခက်လာတယ်

မလိုချင်ရင် ထားခဲ့
ဇာတ်လမ်းလှအောင် ဖြေချင်းချက်
ရေးပြနေစရာ မလိုပေ............

Monday, July 15, 2013

ရေမြေခြားက ချစ်သူဆီသို့

အရာခပ်သိမ်းက
မရေရာ မသေချာတော့
အနေဝေးတဲ့ ငါတို့အနာဂါတ်ကို
တခါတခါ တွေးကြောက်မိတယ်

သစ္စာတရားကို လက်ကိုင်ထားပေမဲ့
ကံတရားက လှည့်စားလွန်းတော့
စိတ်မချရဲဘူး မောင်ရေ

နေ့စဉ်ပျံသန်းနေတဲ့
လေယဉ်ပျံကို မော့ကြည့်မိရင်း
" သတိမှ ရပါရဲ့လား " လို့
စာချွန်လွှာ ပါးလိုက်ပါရစေ

မရေးတတ်တော့ မောင့်ကိုလွမ်းလို့
ချရေးမိတဲ့ စာသားတွေက
ကဗျာတစ်ပုဒ် ဖြစ်မလာပေမဲ့
ခံစားချက်တွေပါ

တွေ့ဆုံခွင့်ကို မျှော်လင့်လျှက်
အထီးကျန်တဲ့ အချိန်တွေကို လက်ပစ်ကူးပြီး
တစ်ယောက်တည်း ၀မ်းနည်းနေရသူပါ

ဒီလိုအချိန်ဆို ဘာတွေလုပ်နေမလဲ
လွမ်းတယ်
မျက်ဝန်းရှင်ရယ်......
 

Wednesday, July 10, 2013

အဖေ့ ဒိုင်ယာရီ


" အပေါင်ဆိုင် ခဏခဏ မသွားပါနဲ့ အဖေ "
အဲဒီ့နေရာ သွားလို့ကောင်းတဲ့ နေရာမဟုတ်မှန်း သိပါတယ် သမီးရယ်

နိုင်ငံခြားမှာ တတ်ထားတဲ့ပညာနဲ့ အလုပ်လုပ်ရဖို့ သမီးရည်မှန်းချက်တဲ့
တရိပ်ရိပ်ကျလာတဲ့ စီးပွါးရေးကို အန်တုဖို့
အဖေလဲ ဇရာက စကားပြောလာတော့
" ဟုတ်လို့လား " လို့မေးဖို့ မသိယောင် ဆောင်နေခဲ့တယ် 

မိဘကျေးဇူး သိတတ်တဲ့ သားသမီး မဆင်းရဲဘူးဆိုပေမဲ့
မိဘတာဝန်ကို အပြည့်အ၀ မထမ်းနိုင်မှတော့
အဖေ့လိပ်ပြာ ဘယ်လုံမလဲ သမီး

ဒါတွေက အပေါ်ယံတွေပါ ဆိုပြီး
မိန်းကလေးတန်မဲ့ အဆောင်အယောင်
ကင်းမဲ့နေတဲ့  သမီး ဖြေသိမ့်ရှာတာ
အရင်လို မဆင်နိုင်တော့တဲ့ အဖေ့ အပြစ်ပါကွယ်

ရိုးသားပါ၊ ကြိုးစားပါ၊ လက်မလျှော့ပါနဲ့၊
ကိုယ့် ဂုဏ်သိက္ခာကို တန်ဖိုးထားပါ
ကြမ်းတမ်းလှတဲ့ ခရီးလမ်းမှာ
ရုန်းရင်ကန်ရင်း နဲ့ သမီးနေသားတကျ ဖြစ်သွားပါလိမ့်မေ

သမီးပြောသလိုပေါ့
နေမကောင်းရင် ဆေးကုနိုင်တယ် အချိန်မှန်ထမင်းစားရရုံနဲ့
ဘ၀က ကျေနပ်ဖို့ကောင်းနေပါပြီ
လမ်းမလျှောက်နိုင်တော့တဲ့ လူတစ်ယောက်နဲ့ယှဉ်ရင်
ပါးပါးလေးသာ ကျန်တော့တဲ့ ဖိနပ်ကို စီးနေရတာကိုက
ကျေးဇူးတင်ဖို့ ကောင်းနေပါပြီ
မေတ္တာရှင်မလေး ပေါ်လီယာနာ ပြောခဲ့တဲ့ စကားကို အမြဲမှတ်ထားပါ သမီး
" ၀မ်းသာစရာ အကြောင်းရှာတတ်လျှင် ၀မ်းသာစရာ အကျိုးဖြစ်ပေါ်၏ "
ဘယ်နေရာမှာဖြစ်ဖြစ် မြင်တတ်ရင် ပျော်စရာ တပုံပါကွယ်

Monday, July 8, 2013

ဖြစ်နေကျ အကြောင်းတရားများ

ကြေးစားသမားလိုမျိုး
တာဝန်ကျေဖြတ်သန်းလာတော့
ဘ၀က အဓိပါယ်မရှိတာ

အနာဂါတ်ကို လေးလေးနက်နက်တွေးမိတော့
မခိုင်းဘဲ လက်နက်ချမိချင်တာ

"သင့်" တာထက် "ချင်" တာကိုလုပ်ရရင်
ဖြစ်ချင်ရာဖြစ် အိပ်ရာက မနိုးထချင်တာ

ဘ၀ကို " Live it, Love it, Enjoy it " တဲ့
ဒါပေမဲ့ စိတ်ဓါတ်ကျပြီဆို
ဘာ Quote ပဲဖတ်ဖတ်
အသက်ရှင်နေရတာ စိတ်ကုန်တော့
" Lost it  " ပဲ

ဆင်ခြေပေးတာ မကောင်းဘူးတဲ့
ဟုတ်မှာပေါ့
ငါ့ကို အိမ်ပြန်ခွင့် မပေးတဲ့ အတားဆီးဆိုတာ
အဲဒီ့ ဆင်ခြေပေါင်းများစွာပေါ့

ဟုတ်
Quality Time နဲ့ Quantity Time
အဓိပါယ် ကျုပ်လဲ နားလည်ပါတယ်
ဒါပေမဲ့ အိမ်ပြေးတွေဖို့
အဲဒါတွေ ရွေးချယ်ခွင့်ရှိလို.လားဗျာ........
 

Thursday, July 4, 2013

Sleepless nights

ကြယ် လ မမြင်ရတဲ့ မြို့ပြညမို.
အခန်းကိုမီးကိုမှိတ်
မျက်နှာကြက်မှာ
လိုက်ရှာမိတာက သူ့ပုံရိပ်
သူပြောခဲ့သလို ဒါတွေက အလွမ်းတုတွေပေါ့


အနားမှလဲ သူမရှိ
Long Distance Relationship ပြောဖို့ အခွင့်ကမသာ
ဘယ်နေရာမှာ ဘာတွေလုပ်နေလဲလို့
စုံစမ်းဖို့ကျတော့ မာနက လက်မခံ

တခါတလေ မိန်းမဖြစ်ရတာ ခက်တယ်ဟ

အိပ်မပျော်တဲ့ညမှာ
စာအုပ်နဲ့ ရုပ်ရှင်က
သတိရတဲ့စိတ်ကို ကုစားဖို့မလွယ်


အရင်လိုပါပဲ
အရာရာဟာ အရင်လိုပါပဲ
မိုးကိုမရှောင် ကိုယ်အိမ်ရှေ့
လာတီးခဲ့တဲ့ သူ့ဂီတာသံကိုလဲ
ဒီလိုညမျိုးမှာ သတိရမိတာ
16နှစ်မ အတိုင်းပါပဲလား


Monday, July 1, 2013

Monday

အိပ်ရာက မထချင်တော့
MC ယူပစ်မယ်လို့
တကဲကဲဖြစ်နေတာက
ဒီနေ့ရဲ. မနက်ခင်းပါ

အိမ်ကိုပြန်ရောက်ရင်
အိပ်ရာပေါ် လေးဘက်ထောက် တက်ရတာလဲ
ဒီနေ့ရဲ. ညနေပါပဲ

ငါမရှိမှ ငါဘယ်လောက် အလုပ်များတယ်ဆိုတာ
နားလည်ကြမှာလို့ ကိုယ့်ပါကို ဘ၀င်တွေမြင့်
အလုပ်ထွက်ပြီး အိမ်ကို အပြီးပြန်မယ်လို့
ဆုံးဖြတ်တာလဲ Monday နေ့တိုင်း

လုပ်စရာတွေများတော့
"I hate Monday" လို့
သူ့ဟာသူ နေပေမဲ့ လူတိုင်းဆီမှာ
အငြိုငြင်ခံရတဲ့ နေ့လေး

အမှန်ဆို
ခုနှစ်ရက်မှာမှ တခါကျရောက်လာတဲ့
နေ့ဖြစ်လို့ ပျော်ပျော်ရွှင်ရွှင်နဲ့
Monday ကိုကြိုဆိုသင့်တယ်လေ

Sunday, June 23, 2013

လိုက်ဆဲပါ

ပြောသမျှ အပြုံးနှင့်လက်ခံ
စောဒက မတတ်ပြန်တော့
သူတို့တွက် လှောင်ရယ်စရာ သားကောင်ဟာ ငါပဲလေ.

ငွေကြေး ခင်တွယ်တတ်တဲ့ မျက်နှာစိမ်းတွေကြား
ရှောင်နိုင်ခွင့် မရှိမှတော့ ဂျိုကာလိုမျက်နှာမျိုးနဲ့
ရွက်လွင့်ဆဲပေါ့ အမေရေ.

လိုက်လေ ပြေးလေနဲ့
ဘယ်တော့မှ မရောက်တော့
အိမ်ဆိုတာလဲ အလည်ပြန်တဲ့
နေရာတစ်ခုလောက်ပဲ ဖြစ်လာတာ
အဆန်းမဟုတ်ပါဘူးလေ.

Wednesday, June 5, 2013

ရုန်းပေအုန်းတော့ မဗေဒါ

ဘဝ
ရွေးချယ်ခွင့် မရှိမှတော့
အကောင်းဆုံး ဖြတ်သန်းပေတော့

အနာဂါတ်
ရှောင်ဖယ်လို့ မရမှတော့
ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပေတော့

လူ
မပက်သတ်လို့ မရမှတော့
သူဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ
ကိုယ့်ဘက်က မေတ္တာတရားနဲ့သာ ဆက်ဆံပေတော့

ရုပ်ဝတ္ထု
မရှိရင်လဲ လူအထင်သေး
ရှိပြန်တော့လဲ ကိုယ့်ဘ၀င်က ကောင်းကင်မှာ
လိုချင်ပြန်တော့လဲ မောဟဇောနဲ့ နပန်းသတ်ပေတော့

စိတ်ဓါတ်
ကျတစ်ခါ တတ်တလှည့်
စိတ်ယုတ်ဖက်ကို အလေးများနေတဲ့ ချိန်ခွင်မှာ
စိတ်ကောင်းဘက်ကို သာဖို့ နင့်အတ္တလျှော.ပေအုန်းတော့

အလုပ်
ဖြစ်ချင်တာက ကွန်ပျုတာကို ရိုက်ခွဲ
ခုံပေါ်မှာရှိသမျှ စာရွက်စာတမ်းအားလုံး Recycle လုပ်
သိန်းထီပေါက်တဲ့ မျက်နှာနဲ့
မာန်နေဂျာကို ပြောချင်တာက "I quit now "
တစ်ထွာသာရှိတဲ့ ၀မ်းတွက် ရုန်းပေအုန်းတော့ မဗေဒါ.....

Saturday, June 1, 2013

သို့..... သူ

ခုနှစ်တွေကြီးလာမှတော့
ကျော်ဖြတ်ခဲ့တဲ့ ညပေါင်းလဲမနည်းတော့ပါဘူး
နေ့စဉ်ရေးဖြစ်တဲ့ ဒိုင်ယာရီမှာတော့
ခံစားချက်တွေ ပေါက်ကွဲမိလို့
စာရွက်တွေသာ အိုဟောင်းကုန်တာ

ပန်းခင်းလမ်းကို တောင့်တခဲ့တာမဟုတ်
လှိုင်းထန်ရင် လှေပေါ်ကလိမ့်မကျဖို့
အားကိုးတကြီးဆွဲကိုင်ထားတဲ့
လက်မောင်းတစ်စုံကိုသာ အလိုရှိခဲ့တာ

နင်လဲ နင့်လမ်းနင်လျှောက် ငါလဲငါ့ဘ၀ငါခင်း
ရိုးမြေကျပေါင်းဖို့ ကတိလဲမပေးမှတော့
မျှော်တော်ယောင် မလုပ်တော့ပါဘူး

Tuesday, May 28, 2013

Follower

ခေါ်ပြန်တော့လဲ သူမကြား
အားကိုးတကြီး ကြည့်ပြန်တော့လဲ သူမရှိ
သူနဲ့ကိုယ့်ကြား ခရီးက မိုင်ပေါင်းများစွာ

အရင်လို စာမလာ သတင်းမကြားဆိုတဲ့ ခောတ်မဟုတ်တော့
ဖတ်ချင်မှဖွင့်တဲ့ သူ့ Inbox ထဲမှာ
ကိုယ့် Email ဘယ်နှစ်စောင်များထပ်နေပြီလဲ
ငါမျှော်နေမိတာက နင့်ရဲ. Reply

မကြာမကြာ ပြောင်းတတ်တဲ့ နင့်ရဲ. Status
Offline နဲ့ စောင့်နေမိတာ
အချိန်တွေအားနေလို့မဟုတ်

နင့် Page ကို ခဏခဏ ကြည့်တတ်လွန်းလို့
ပျက်ချင်ချင်ဖြစ်နေတာက ငါ့ရဲ. Mouse
ဟိုသွားဒီသွား ရိုက်ထားတဲ့ ဓါတ်ပုံတွေ
Facebook မှာတွေ့တော့
အော် နင်ပျော်နေရှာသားပဲ
ဒါတောင် ငါ့ရဲ. Friend Request ကို လက်မခံသေးလို့
နင့်ရဲ. Public Post တွေပဲ ခိုးကြည့်ရတာပါ

တကယ်တော့ 

ငါက နင့်ရဲ Follower အဖြစ်နဲ့ 
ရှင်သန်နေမိတာ.....

Sunday, March 17, 2013

လှောင်အိမ်ထဲက ငှက်

အစားစာကောင်းတွေ ဘယ်လောက်ကျွေးကျွေး, နေမကောင်းဖြစ်ရင် တိရစ္ဆာန်ဆရာဝန်ခေါ်ပြီး ဆေးကုပေးပေမဲ့ ဒါတွေက ငါ့ရဲ့ သုခတွေ မဟုတ်ဘူး။ ပျော်စေချင်ရင် ဒီလှောင်အိမ်တံခါးကိုသာ လှစ်ဟပေးလိုက်ပါဟာ။ ဘ၀မှာ တစ်ခါလောက်ဖြစ်ဖြစ် အဝေးကိုပျံသန်းခွင့်ရပါစေလို့ ဆုတောင်းရင် နင်ပြောအုန်းမယ် ကျေးဇူးတရား ကမ်းလိုက်တာလို့ မဟုတ်ပါဘူး နင်အချစ်ထဲမှာ အတ္တတွေပါနေတယ်ဟ။ တကယ်လို့ နင့်ကိုသာ ငါတို့ရဲ့ နွေထွေးတဲ့ အသိုက်အိမ်မှာ လှောင်ထားရင် နင်စိတ်ချမ်းသာမှာလား။ နင်လဲပြောမှာ ဒါငါ့ရဲ့ ကမ္ဘာမဟုတ်ဘူးလို့ နေ့တိုင်း အော်ငိုနေတဲ့ နင့်ရဲ့ အသံကို ငါကြားရမှာ သေချာတယ်။ 

Add caption

လေတွေ တဝေါဝေါတိုက်နေတဲ့ ဟိုးအ၀းဆုံးကောင်းကင်ထိ ခွန်အားရှိသလောက် ငါပျံပစ်မေ။ လိပ်ပြာလေးတွေနဲ့ လှပနေတဲ့ ရောင်စုံပန်းခင်းကြီးပေါ်ကနေ လှလှပပကြီး ငါလဲ ပျံနိုင်တယ်ဆိုတာ သူတို့တွေကို ပြချင်တယ်။ ဘာရနံမှ မပါတဲ့ လေနုအေးအေးတွေကို အားရပါးရ ရူပစ်မယ်။ မုန်းတိုင်းမိရင်လဲ စိတ်မပူပါနဲ့။ ငှက်တို့ရဲ့ ဗီဇက သဘာဝဘေးကို ကောင်းကောင်း ရှောင်ရှားတတ်ပါတယ်ဟာ။ စပါးခင်းတွေ ယာခင်းတွေ အသီးအနှံစိုက်ထားတဲ့ အခင်းနားသွားပြီး ပိုင်ရှင်ဖြစ်တဲ့ လူတွေနဲ့ တခါလောက်ကျီစယ်ချင်တယ်။ သာယာတဲ့ အသံနဲ့ တောတန်းတခုလုံး အေးချမ်းသွားအောင် သီချင်းတွေကို အော်ဆိုပစ်မယ်။ မြင့်မားလှတဲ့ တောင်တွေကြားက ရေတံခွန်နားကိုသွား ငါးတွေကို ငါရဲ့ နေ့လည်စာအဖြစ် တည်ခင်း တရေးတမောလောက် အိပ်ပါရစေ။ လူတွေမှာသာ ခံစားတတ်တဲ့ နှလုံးသားရှိတာမဟုတ်ဘူး, အပြာရောင်သမ်းနေတဲ့ ကောင်းကင်ကို ငေးမောဖို့ , မိုးဖွဲဖွဲလေးအောင်မှာ အတောင်တွေ စိုစွတ်စေဖို့ , ရွှေအိုရောင် အလှတရားနဲ့ ခမ်းနားနေတဲ့ ညနေခင်း တွေထဲမှာ ငှက်တွေလဲ မွေ့လျော်တတ်ပါတယ်ဟာ။ အဲလိုမျိုးသာ နေရရင် အိပ်ရာကနိုးရင် ဘာစားရမလဲ ရှေ့ဆက်ပြီး ငါဘာလုပ်ရမလဲ ငါမပူဘူး။ 


ငါ့အတောင်ပံတွေ သုံးခွင့်မရတာ လူသားတွေ ခြေထောက်ပြတ်သွားတာနဲ့တူတူပဲ။ ခြေထောက်ကျိုးရင်တောင် ပြန်ကောင်းနိုင်သေးတယ် ငါ့မှာက ရှိရဲ့နဲ့ ပစ်ပယ်ထားခြင်းခံရတဲ့ အတောင်ပံတွေပါလား။ ငါ့ဘ၀က ကျဉ်းမြောင်းလွန်းပါတယ်ဟာ။ တရက်ပြီးတရက် ဒီလှောင်အိမ်ထဲမှာပဲ ကျက်စားရတဲ့ နေ့တိုင်းရက်တိုင်းကို စိတ်ကုန်လာပြီ။ ပိုင်ရှင်ဖြစ်တဲ့ နင့်ကိုမချစ်လို့ မဟုတ်ဘူး ငါ့ကိုယ်ငါ ညဉ်းညူးမိတာပါ။ ကျေးဇူးပြုပြီး တံခါး ဖွင့်ပေးပါ ငှက်ဖြစ်ကျိုးနပ်တဲ့ ငှက်တစ်ကောင် အဖြစ် ငါ့ကို ရှင်သန်ခွင့်ပေးပါ။ 

ဒီလှောင်အိမ်ထဲကနေ ပျံသန်းပါရစေ..........ပျံသန်းခွင့်ပေးပါဟာာာာာာာာာာာာာာာာာာာာ

Thursday, March 14, 2013

အိမ်ပြန်ခွင့်

စိုက်ထားခဲ့တဲ့ မကျည်းပင်တစ်ချို့
အသီးတွေ သီးပြီး ဝေေ၀ဆာဆာဖြစ်နေပြီးတဲ့
မကျည်းရွက်ခူးဖို့ ငါအိမ်ပြန်ရအုန်းမယ်

ညနေခင်းတချို့
သီးချင်းနားထောင်ရင်း ဖြတ်သန်းခဲ့ဖူးတဲ
သစ်သားတံတားလေး
အခုဆို အင်္ဂတေနဲ့ ပြန်လုပ်ထားပြီးပြီတဲ့
သစ်သားနဲ့ အင်္ဂတေ အရသာ
ဘာကွာလဲသိဖို့ ငါအိမ်ပြန်ရအုန်းမေလေဟာ

အချစ်ဆုံးအဘွား မြေချတာကို မမှီလိုက်ပေမဲ့
နှစ်ပါတ်လည်ရောက်တိုင်း အုတ်ဂူလေးကို
သန့်ရှင်းရေးလုပ်ပြီး အဘွားကြိုက်တဲ့ ခရေပန်းလေးနဲ့
ကန်တော့ဖို့ ငါအိမ်ပြန်မှဖြစ်မယ်

ငါ့ကိုသတိရလို့ တခါတလေ
ရူးချင်သလိုပဲ ဆိုတဲ့
အမေ့ကိုတွေ့ဖို့ အိမ်ပြန်ခွင့်ပေးပါဟာ

အဒေါ်ချက်တဲ့
ကြက်ဥပြုတ်ကျော်ချက်နဲ့  ချဉ်ပေါင်ဟင်းရည်သောက်ဖို့
ငါအိမ်ပြန်ရမယ်

ညဦးရောက်တိုင်း ကလေးတွေ ကစားနေကြ
ရွာထိပ် ကန်ဘောင်နံဘေးက ကုက္ကိုလ်ပင်အောက်ကို
ဒိုင်လူကြီးလုပ်ဖို့ ငါအိမ်ပြန်ပါရစေ

ရေကူခပ်ပေးနေကျ သားသမီးမရှိတဲ့ အဘိုးနဲ့အဘွား
အခု အဘိုးတောင် ဆုံးသွားပြီတဲ့
ခါးနာနေတဲ့ အဘွားကို ကူညီပေးဖို့
ငါအိမ်ပြန်ရမယ်လေ

အမြဲရန်ဖြစ်နေကျ ငါ့အစ်မလဲ
တစ်ယောက်တည်း ပျင်းတယ်တဲ့
တကယ်တော့ သူငါ့ကို လွမ်းနေတာ
ဘာပဲဖြစ်ဖြစ် ရန်ဖြစ်ဖို့ ငါအိမ်ကို အပြီးပြန်ပါရစေဟာ

" အိမ် "
လိုက်လေ ဝေးလေ ပါလား
တခါတလေ လောကဓံက
ငါ့ကို ဒီလိုခံစားစေတယ်............




Monday, March 11, 2013

မြန်မာတို့ရဲ့ နှစ်သစ်ကူး


" ဥသြ ဥသြ " ဟု
ဥသြ ငှက်ကလေးများသည်
နွေဦးကို ကြိုဆိုကြလေသည်

နွေရာသီရဲ့ လုံမငယ် ဟုတင်စားခေါ်ဆိုကြသော
" ကံ့ကော် နှင့် ပိတောက် " ပန်းများလဲ
ဖူးပွင့်ရန် အစွမ်းကုန် ပြင်ဆင်နေကြပြီ

မြန်မာလူမျိုးတိုင်းရဲ့ ရင်ခုန်သံကို
မြန်စေသော " တူးပို့ တူးပို့ , နွေမ"
သီးချင်းများသံများလဲ နွေ ရောက်ကတည်းက
ရပ်ကွက်တိုင်းတွင် ပျံလွင့်နေသည်မှာ
သင်္ကြန်ကျသည့် အလားပင်

ရေခြား မြေခြား ရောက်နေသည့်
ရွှေမြန်မာများကလဲ
နှစ်သစ်ကူး အမှီပြန်ဖို့
ထုပ်သူက ထုပ် ပိုးသူက ပိုး
တကြွကြွ နဲ့ မြူးနေကြတာကိုက
ဘေးကမြင်ရသူအပေါင်းအား စိတ်ချမ်းမြေ့စေသည်

နွေရာသီကြောင့် ပူပြင်းခြောက်သွေ့နေသော
မြေကြီးလဲ သင်္ကြန်မိုးရွာသွန်းတော့မည့်အတိုင်း
ပျော်ရွင်နေရှာ၏

ဒီနွေကား ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း
တန်ဖိုးထားရသော ရာသီဖြစ်လေသည်
နှစ်သစ်ကူးတွင် လူတိုင်း အလှူအတန်းလုပ်ပြီး
ရပ်ဝေးက မိသားစုများ အိမ်ပြန်လာသော ရာသီချိန်လဲ ဖြစ်သည်
နှစ်ကူးတွင် အညစ်အကြေးများ သယ်ယူမသွားရအောင်
သင်္ကြန်ရေဖြင့် ပက်ကြခြင်းမှာလဲ ချစ်စဖွယ် ရိုးရာ ဓလေ့တစ်ခုပင်ဖြစ်လေသည်.....


Sunday, March 3, 2013

အောင်တေဇလမ်းထဲက ကောင်မလေး

ဒေါက်ဖိနပ်မစီးဘဲနဲ့  စတိုင်ကျကျလမ်းလျှောက်တတ်တဲ့ ကောင်မလေးတစ်ယောက်ကို မိုးဖွဲဖွဲရွာနေတဲ့ တစ်နေ့ တာမွေရပ်ကွက်ထဲက အောင်တေဇလမ်းထဲမှာ တွေ့ခဲတယ်ဗျာ။ ချောလားလို့မေးရင်လဲ မဟုတ်ဘူး အသားဖြူဖြူလေးနဲ့ သာမန်ကောင်မလေးတစ်ယောက်ကို ကျွန်တော် ဘာလို့ ဟိုးအဝေးရောက်သွားတဲ့ထိ လိုက်ကြည့်မိပါလဲ။ သူ့ဆီက ကိုယ်ရောင်ကိုယ်ဝါတွေ ထွက်နေသလိုပဲ ဒါပေမဲ့ နတ်သမီးလို့တော့ မထင်လိုက်ပါနဲ့နော် သူ့မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းမ မဆန်တဲ့ ဆွဲဆောင်မှုရှိတာကလွဲလို့ တခြားလှတပတ ဘာမှမရှိဘူး။ 

အနက်ရောင်ထီးရှည်တစ်လက်ကို မိုးရွာရွာ နေပူပူ ကိုင်ပြီး လွယ်အိတ်ကို စလွယ်သိုင်းကာ ဒီလမ်းပေါ်မှာ သူတစ်ယောက်တည်းအလား အားရပါးရ လမ်းလျှောက်တတ်တယ်။ ထူးခြားတာတစ်ခုက ဂျိန်းဘောင်းဘီရှည် အမြဲတမ်းဝတ်ပြီး ဘောင်းဘီနောက်အိတ်မှာ ဖုန်လား MP3 လားမသိတစ်ခု ထည့်ထားတယ်။ ကျောလယ်လောက်ရှိတဲ့ ဆံပင်လေးနဲ့ သနပ်ခါး တစ်ခါမှ မလိမ်းဘူးထင်တယ် ဒါပေမဲ့ သူ့မျက်နှာက ဘာအဖုမှ မရှိဘူး တစ်ခါလောက်ထိကြည့်ချင်တယ်။ သူ့အကြောင်း ဒီလောက်သိတဲ့ ကျွန်တော့်ကို ခင်ဗျားတို့ မအံသြော်ကြနဲ့လေ သူမက စိတ်ကူးထဲမှာတောင်  ကျွန်တော်ချစ်သူလို့  တစ်ခါတစ်ခါ တွေးပလိုက်တာ။ သူငယ်ချင်းတွေကတော့ ကောင်မလေးကို နေ့တိုင်း ထိုင်စောင့်တတ်လို့ ကျတော့်ကို ယဉ်ယဉ်လေးရူးနေပြီတဲ့။ 

လကုန်ခါနီး ပြားကပ်နေတဲ့ အိပ်ကပ်ထဲက ၂၀၀တန်တစ်ရွက် မျက်စိမှိတ်ထုတ်ကာ သူမအလာကို ထိုင်စောင့်ရင်း ဒီကော်ဖီဆိုင်က အဖေ့ဆိုင်ဆိုရင်း ပိုက်ဆံမပေးဘဲ အလကား သောက်လို့ရမယ်ဆိုတာ စဉ်းစားမိတယ်။ လခစားဆိုတော့ ကျွန်တော်လဲ ဒီလို ကော်ဖီတခွက်တောင် တွက်ချက်ရတယ်ဗျ။  ဘယ်ကတည်းက ရောက်နေတဲ့ ရပ်ကွက်က ငနဲသားတွေလဲ မသိဘူး " ထီးအရှည်နဲ့ အစ်မ " ဆိုပြီး လိုက် စနောက်သံကြားလို့ လှမ်းကြည့်လိုက်တော့ ကောင်မလေးက ငနဲသားတွေရဲ့ခုံကို တည့်တည့်မှတ်မှတ်လျှောက်လာပြီး ' ဘာကိစ္စလဲ နင်တို့တွေ တော်တော်ပါးစပ်အားနေကြလား ဟိုမှာ ရေသန့် ရောင်းနေတဲ့ အဘိုးကြီးကို ကူပြီးအော်ပေးလိုက်  ' ပြောပီး လှည့်ထွက်သွားတာ။ အမယ်လေး ကျွန်တော်ရဲ့ သတ္တိတွေ ဒီအာဂကောင်မလေးရဲ့ မျက်လုံးအောက် အရည်ပျော်ကုန်ပါပြီးဗျာ။  ကောင်မလေးကို ဖွင့်ပြောမဲ့ ကျွန်တော်ရဲ့ ချစ်ခရီး ဘယ်ကစရင်ကောင်းမလဲဆိုတာ တွေးတောင်မတွေးတတ်တော့ဘူး။

အဲဒီ့နေ့က ကျွန်တော် အသဲကွဲမယ်မှန်းသိရင် ကောင်မလေးကို ထွက်မစောင့်ဘူးဗျာ။ ရာသီဥတုက တော်တော်လေးလှနေပေမဲ့ ၀ထ္တုတွေလိုမျိုးတော့ ကျွန်တော့်တွက် ကံမကောင်းခဲ့ဘူးဗျာ။ လာနေကျ အချိန်ထက် နောက်ကျပြီးမှ လာခဲ့တယ် ဒါပေမဲ့ သူတစ်ယောက်တည်း မဟုတ်ဘူး ကောင်မလေးခါးကို ဖက်ထားတဲ့ ရုပ်ဆိုးဆိုးနဲ့ တစ်ယောက်ပါ မြင်လိုက်တယ်။ မထင်ဘူးဗျ မျက်လုံးကို ပွတ်ပြီး သေသေချာချာ ကြည့်မှ အော် တကယ်ပါလား ဆိုတာ ယုံမိတယ်။ သူ့ကောင်လေးက တကယ်တော့ ခန့်ချောကြီးဗျ ရုတ်တရက် သူ့နားမှ ယောက်ကျားတစ်ယောက်ဆိုတဲ့ စိတ်နဲ့ ရုပ်ဆိုးကြီးလို့ ထင်ပလိုက်တာ။ ကောင်မလေးကံကောင်းပါစေဗျာ။ တကယ်ခံစားရတယ် စိတ်ကူးနဲ့ ရူးခဲ့တဲ့ ကျွန်တော့်ရဲ့ ခံစားချက်တွေကို သေသေချာချာ အိမ်ရောက်မှ စာအုပ်ပေါ်မှာ ပေါက်ကွဲပလိုက်မှာ။ ကောင်မလေးရှိတဲ့ ဒီအောင်တေဇလမ်းကို ဘယ်တော့မှ ခြေမချမိအောင် ကျွန်တော်အိမ်ပြောင်းမှရမယ်ဆိုတာ သိလိုက်တယ်ဗျာ........................

Sunday, February 24, 2013

ဖြစ်နေတာတွေ

 














                                               



 အသွားအပြန် ကြိုဝယ်စရာမလိုတဲ့
လေယဉ်လတ်မှတ်

သတ်မှတ်ချက်မရှိတဲ့ 
အားလပ်ရက်

ပြန်လာရင် နှစ်ပါးသွားကရမဲ့
အလုပ်ခုံပေါ်က
စာရွက်စာတမ်းတွေ

ကြားလား ကြားရလားဆိုပြီး
လူကြီးမင်းနဲ့ ခဏခဏတိုးတဲ့
ဖုန်းလှိုင်း

အမေနေကောင်းလား
ကျန်းမာရေး ဂရုစိုက်ဆိုပြီး
ကြင်နာမှု အသံသက်သက်ရေ

ငပိမပါတဲ့
အဖြူထည် အစားအသောက်တွေ

အရာရာဖန်တီးလို့ရတော့ မျက်နှာမလှရှာတဲ့ 
လမင်းကြီးရဲ့ အလင်းရောင်ကိုခံစားဖို့
စင်ကာပူက မီးတွေကို ခဏလောက်ပိတ်ပေးပါ
 

Friday, February 15, 2013

ရက်စွဲ

ဘာမှမဖြစ်သလို နေတတ်သူတွေတွက်
အပမ်းမကြီးပေမဲ့
မနေတတ်သူတွေ အဖို့ကတော့
ကောင်းကင်ငိုရင် တိမ်တွေလဲ
မခံနိုင်ဘဲ စွေသလိုပေါ့

နှစ်တွေလဲကြာ
ပြက္ခဒိန်တွေလဲ နွမ်းကြေပြီ
နေ့စဉ်ရေး မှတ်တမ်းလေးလဲ
ရုပ်မလှတော့ဘူး

ငိုယိုပြီးတမ်းတဖို့
မျက်ရည်တွေ မလုံလောက်တော့တာ
ရင့်ကျက်မှုလား နာကြင်မှုကြောင့်လားဆိုတာ
သိသာလွန်းပါတယ်ဟာ

မြတ်နိုးရခြင်းနဲ့ မဆိုင်ပါဘူး
အတိတ်ကိုသာ တန်ဖိုးထားတက်ရင်
လွမ်းဆွေးဖို့ ကောင်းလွန်းတယ်...

ရက်စွဲတစ်ခုရဲ့   Anniversary ရောက်တိုင်း
တစ်ကိုယ်တော် နွဲတာ
ပွဲပေါင်းလဲ မနည်းတော့ပါဘူးလေ....

Friday, January 25, 2013

အမေများနေ့

ဒီနေ့ ပြာသိုလပြည့် ( 26 Jan 2013: Sat ) အမေများနေ့တဲ့ ။ ဒီကမ္ဘာမှာ ရှိတဲ့ အမေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ။

အမှန်ပြောရရင် February 14 ကျတော့ သိပြီးတော့ အမေများနေ့ဆိုတာ Facebook ကလူတွေရဲ့ Status ကြောင့် သိတာ မဟုတ်ရင် မေ့နေအုန်းမှာ။ ဘယ်လောက် လိမ္မာ သိတတ်တဲ့ သမီးလဲ ရှက်ဖို့တောင် ကောင်းတယ်။ မနေ့က အမေပို့လိုက်တဲ့ လူကြုံပစ္စည်းကို အလုပ်ကပြန်တာနဲ့ သွားယူတော့ ည ၈နာရီတောင်ထိုးတော့မယ်။ ကောင်းကင်မှာ လသာနေလိုက်တာ စိတ်ချမ်းသာဖို့ကောင်းတယ်။ ဒါပေမဲ့ လပြည်ရဲ့ အရသာကို ဒီကလူတွေ မသိကြဘူး အမေ။ မီးထိန်ထိန်လင်းနေတဲ့ ဒီနိုင်ငံမှာ လရဲ့ အလင်းရောင်ကို သူတို့တွေ သတိမထားမိတာ အဆန်းတော့ မဟုတ်ပါဘူးလေ။

အမေ အလုပ်ထဲမှာ Manager တစ်ယောက်ရှိတယ်။ သူက ကိုယ်နဲ့ Department မတူဘူး။ တနေ့ အလုပ်ထဲမှာ သူ့ဆီက အော်သံကြားလို့ လန့်ဖြန့်ပြီးတော့ သွားကြည့်တာ သူက ဖုန်းပြောရင်း တစ်ဖက်ကလူကို အော်ငေါက်နေတာ။ ဖုန်းပြောလို့ပြီးတော့ အဆင်ပြေရဲ့လားလို့ သွားမေးလိုက်တာ အဆင်မပြေဘူးတဲ့။ ဘာလို့ဆိုတော့ သူ့အမေက သူ့သားလေးကို အခန်းထဲကနေပြီးတော့ ပစ္စည်းတွေ ကိုင်လို့ဆိုပြီး ရိုက်ထုတ်လိုက်တာ ကလေးက တအားငိုနေတယ်တဲ့ , ပြီးတော့ ပြောသေးတယ် ငါက ငါ့သားနဲ့ ပက်သက်လာရင် လူသတ်ဖို့လဲ ၀န်မလေးဘူးတဲ့။ အမေရယ် ကြောက်စရာကြီး သူ့အမေကို သူက အေးလိုမျိုးပြောတာ။ အရမ်းပြောလိုက်ချင်တဲ့ စကားတခွန်း " အဲဒါနင့်အမေလေ " ဆိုပြီး လျာဖျားပေါ်မှာ တင်နေခဲ့တယ်။ သူ့ကို မွေးထားတဲ့ အမေကို သူမေ့ပြီးတော့ သူမွေးထားတဲ့ သားကိုကျ ချစ်လိုက်တာ တုန်နေတယ်။ ဒါဆိုရင် သူက မိခင်ကောင်းဖြစ်ပြီး သမီးဆိုးလား အမေ။ သမီးတော့ မိခင်ကောင်းလို့ မထင်ဘူး။ မိခင်ကောင်းဆိုတာ သားသမီးကို အမှန်ဘက်က ရပ်တည်နိုင်အောင် လူကြီးတွေကို ရိုသေ ကိုင်ရှိုင်းတတ်အောင် ဆုံးမ တတ်ရမယ်။

လောကကြီးမှာ ကံကောင်းတဲ့ အမေရှိသလို ကံဆိုးတဲ့ အမေလဲ ရှိတယ် အမေရေ။ နိုင်ငံဘယ်လောက် ကြီးကြီး သားသမီးတွေသာ ဂရုမစိုက်ရင် အမေဆိုတာ မွေးဖူးတယ်ဆိုတာ လောက်ပါဘဲလေ။ စင်ကာပူဆိုတာ အာရှကျားတဲ့ အမေ ဒါပေမဲ့ စားသောက်ဆိုင်တွေမှာ သန့်ရှင်းရေး လုပ်နေတဲ့ လူတွေကတော့ အကုန်လုံး အသက် 60ကျော် အရွယ်တွေချည်းပါပဲ။ ဒီနိုင်ငံရဲ့ စည်းမျဉ်းအရ အလှူခံရင် အလကား မခံရလို့ လမ်းဘေးမှာ Tissue ရောင်းနေကြတဲ့ လူတွေဆိုတာလဲ မသန်စွမ်းတဲ့ သူနဲ့ အသက်ကြီးပြီးဖြစ်တဲ့ အဘိုးအဘွားတွေပါပဲ။ နိုင်ငံက အရှေ့တောင် အာရှရဲ့ ရှေ့ဆုံးကပြေးနေပေမဲ့ မေတ္တာငတ်နေကြတဲ့ ပင်ပင်ပန်းပန်း အလုပ်လုပ်နေကြတဲ့ သက်ကြီးရွယ်အိုတွေကတော့ သားသမီးတွေရဲ့ လျစ်လျုရှုခြင်းကြောင့် ပေးဆပ်နေကြရတယ်။ ခာတ်မှီတိုးတက်တဲ့ နိုင်ငံမှာ မကြီးပြင်းခဲ့ပေမဲ့ မေတ္တာတွေ သင်းထုံးနေတဲ့ ကိုယ့်မြန်မာနိုင်ငံမှာ မွေးဖွါးခဲ့လို့ ကံကောင်းပါသေးတယ်။ ဒါကြောင့် မြန်မာနိုင်ငံကလူတွေ သူတို့နဲ့ နှိုင်းယှဉ်ရင် သဘောကောင်းပြီး ကြင်နာတတ်ကြတယ်။

ခုနားကလဲ Facebook ပေါ်မှာ ဓါတ်ပုံတစ်ပုံတွေ့လိုက်တယ် အမေက ချွေးဒီဒီကျပြီး ကလေးကို အရှေ့မှာ တစ်ယောက်ချီ အနောက်မှာ တစ်ယောက်ကျောပိုးပြီးတော့ ပြေးနေတာ သူတို့တွေက ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေ အတောမသတ်နိုင်တဲ့ လောဘကောင်တွေကြောင့် အပြစ်မဲ့တဲ့သူတွေလဲ ဘာမှ အမှားမလုပ်ဘဲနဲ့ ဒီဝေဒနာတွေကို ခံစားနေကြရတာလဲ။ အမေ ဒီနေ့က အမေများနေ့ပါ သူတို့တွေ ဒီနေ့တစ်ရက်တော့ နားသင့်တယ်မဟုတ်လား  အမေတွေ ပင်ပန်းနေကြပြီ နားခွင့်ပေးသင့်ပါတယ် အမေရယ်...................

 

သူငယ်ချင်း

သူငယ်ချင်း
စကားတွေ အများကြီး ပြောနေမဲ့အစား
ခုလောလောဆယ် လုပ်နိုင်တာ တစ်ခုလောက်
လက်တွေ့ လုပ်ပြလိုက်စမ်းပါ

သူငယ်ချင်း
ဈေးကြီးပေးတာတွေ ၀ယ်ဝတ်မှ
Smart ကျတယ်လို့မထင်ပါနဲ့
ရှိတာကို သေသေသပ်သပ်နဲ့ ၀တ်ဆင်ပြီး
စိတ်ဓါတ်လေးသာ လှနေရင်
ဒီလောကရဲ့ အလှဘုရင်ဟာ
သူငယ်ချင်းပါကွယ်

သူငယ်ချင်း
အလုပ်ထဲက စိတ်ဖိစီးတာတွေရပြီး
အလုပ်များလို့ ကိုယ့်အလုပ်ခွင်ကို
မကျေမနပ် မဖြစ်ပါနဲ့
အရည်းအချင်းရှိပြီး သည်းခံနိုင်စွမ်းရှိတဲ့
မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ လူတစ်ယောက်ဖြစ်အောင်
ဒီအလုပ်က ပြုစုပျိုးထောင်ပေးနေတယ်ဆိုတာ မမေ့ပါနဲ့

သူငယ်ချင်း
လူတစ်ယောက် မကောင်းဘူးဆိုတာကို မင်းလက်ခံပြီးရင်
ဘာကြောင့် မင်းပါးစပ်နဲ့ နားကို
ညစ်ညမ်းစေတဲ့ သူ့ရဲ့ အတင်းကို ပြောနေ, နားထောင်နေတာလဲ
သူမှန်တယ်လို့ ထင်တဲ့လမ်းကို လျှောက်နေတာ
မသိချင်ယောင်ဆောင်နေလိုက်ပါ

သူငယ်ချင်း
မိဘအပေါ်မှာ ဘယ်တော့မှ
ကပ်စေးမနှေးနဲ့ မတွန့်တိုနဲ့ အတ္တမကြီးနဲ့ အချိန် မကြန့်ကြာစေနဲ့
မိဘဆိုတာ သားသမီးတွက် အသက်ကိုစွန့်ပြီး ပေးဆပ်ခဲ့တဲ့ လူမျိုး
အချိန်သိပ်မကျန်တော့တဲ့ သူတို့တွေ
တဖြည်းဖြည်း အသက်ကြီးလာကြပြီ
စားဝင်နိုင်တဲ့ချိန် စိတ်ချမ်းသာနိုင်တဲ့အချိန်
သုံးနိုင် ၀တ်နိုင်ချိန် ကျန်းမာရေး ကောင်းတဲ့ အချိန်တွေ
ကုန်ခမ်းလာပြီးဆိုတာ အမြဲတမ်းသတိရပေးပါ.............