Pages

Saturday, September 29, 2012

ခံစားမိသမျှ

လောကကြီးမှာ လူတိုင်းရဲ့ အနာဂါတ်ဟာ သေမဲ့နေ့ကို ဦးတည်တာချည်းပဲ။ ဒါပေမဲ့ ဘယ်နေ့သေမယ်လို့ မသိတဲ့ သူရဲ့ဘေးနားမှာ နေရတာက ဘာမှမခံစားရပေမဲ့ သေမဲ့နေ့ကို ရက်ချိန်းသတ်မှတ်ခံထားရတဲ့ လူရဲ့အနား စောင့်ကြည့်နေရတာလောက် ရင်နာရတဲ့ အဖြစ်ဆိုးက မရှိဘူး။ 


ငါနာမည်ကြီးဖို့ တခြားလူတွေကို လိမ်တယ်။ ငါ့ကို သနားအောင် ငါကောင်းကြောင်း လူတိုင်းကို လိုက်ပြောတယ်။ ငါ့ကိုချစ်အောင် တခြားသူအကြောင်း မကောင်းတဲ့ အတင်းတွေ, တစ်ကျပ်ဖို့လုပ်ပေးခဲ့ရင် တစ်သိန်းဖို့လောက် လုပ်ပေးခဲ့ရသလို သူတို့တွေကို ပြောတယ်။ 


ဘာသာတရားဆိုတာ လူလူချင်း သက်ရှိအချင်းချင်း နူးညံ့ကြင်နာတတ်အောင်, သဘောထားမှန်ကန်အောင် လမ်းညွှမ်းပေးတာ, အဲလိုဖြစ်မလာရင် သူကိုးကွယ်နေတာ နည်းလမ်းမကျလို့လဲ ဖြစ်နိုင်သလို, ဘာသာတရားလို့ ခေါ်ဖို့ မထိုက်တန်ခြင်း လို့လဲဖြစ်နိုင်တယ်။ 


တပါးသူကို နှစ်သိမ့်ပေးတယ်ဆိုတာ အလွန်တရာမှ မွန်မြတ်တဲ့ အလုပ်ဖြစ်တယ်။ အဲလိုများ လုပ်ဖို့အခွင့်အရေးရရင် လုံးဝလက်လွှတ်မခံပါနဲ့။ ကိုယ့်ကြောင့် သူတို့တွေ ပျော်ရွှင်ကြသလို ကိုယ့်ရဲ. စိတ်နေစိတ်ထားနဲ့ တန်ဖိုးလဲ မြှင့်တတ်လာလို့ပါ။ 


အတိတ်ဘ၀က ငါဆိုတဲ့လူ လုပ်ခဲ့သမျှ စိတ်ချမ်းသာခြင်း စိတ်ညစ်ရခြင်းတွေကို ခံစားနေရတာဖြစ်တယ်။ အတိတ်ကို ကျောက်သင်ပုန်း ပေါ်မှာ ရေးခဲ့တာမဟုတ်လို့ ပြန်ဖျက်လို့မရနိုင်ခဲ့ပေမဲ့ ယခုငါက ကောင်းမှုကုသိုလ်တွေ လုပ်ပေးခြင်းနဲ့ ပြန်ချေဖျက်နိုင်ပါတယ်။ 


ဘနဲ့ဝ ရှိရုံလေးနဲ့ ဘ၀ဆိုတာမဖြစ်နိုင်တာ လူတိုင်းသိပါတယ်။ ရယ်ရသလို ငိုရခဲ့တာလဲ များခဲ့ပါပြီ။ အချိန်ကြာလာသည်နှင့်အမျှ အရာရာဟာလဲ ပြောင်းလဲနေမှာပဲ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် သိပ်မခံစားဘဲ အလိုက်သင့်မျှောပါတတ်ဖို့ အရေးကြီးပါတယ်။

Thursday, September 27, 2012

ပုပ်စော်နံ့သော သူများ


ချမ်းသာတဲ့သူက ဘယ်လောက် ရရ ၀တယ် လောက်ငှတယ်လို့ မရှိဘူး။ 
ဘယ်နေ့ သေမယ်မှန်းမသိဘဲနဲ့ စားစရာ မရှိတဲ့ လူတွေဆီကနေ အမြတ်ထုတ် စားနေကြတာ ဘာနဲ့တူလဲဆိုတာ ဒီပုံကိုကြည့်ရင် သိနိုင်ပါတယ်။ 

တချို့ဆိုရင် ရှိသေးတယ် ကြီးတဲ့သူဆီကလဲ လက်ဝါးဖြန့် ငယ်တဲ့သူဆီကလဲ အရှက်မရှိ ခါးပိုက်နှိုက်သလို လုပ်နေကြတာ ကိုယ့်ရဲ့ရနံ့ သေရင် ရုပ်က ထွက်တဲ့ အပုပ်နံ့လိုပဲ ကိုယ့်ရဲ့ နာမည်နောက်မှာ ပုပ်စော်နံ့ပြီး ကျန်ရှိခဲ့မှာပါ....

Wednesday, September 26, 2012

ငယ်ငယ်တုန်းက ဆောင်းမနက်ခင်း

         မနက်လေးနာရီ ထိုးပြီဆိုတာနဲ့ ဟိုအဝေးတောင်ပေါ် တောရကျောင်းက တုံးမောင်းခေါက်သံ လေးချက်တိတိ ကြားလိုက်ရသလို ကြက်တွန်သံ " အောက်အီးအီးအွတ် " ဆိုတဲ့ အော်သံက စာကျက်ဖို့ထတော့ဆိုတဲ့ သဘာဝကပေးထားတဲ့ ကျမရဲ့ နာရီနိုးစက်သံလေးတွေပေါ့။ အမေ့ရင်ခွင်ထဲဝင်တိုးမိတာ " သမီးထတော့ " ဆိုပြီး စောင်ကိုတောင် ကိုယ်ပေါ်ကနေ ဆွဲချလိုက်သေးတယ်။ ရက်စက်လိုက်တာ အမေရယ် အလွန်အေးလှတဲ့ ဒီလိုမျိုးဆောင်းရာသီမှာ စာကျက်ဖို့ထားအုန်း မျက်လုံးတောင်မဖွင့်ချင်ပါ.... 

          အိမ်ဘေးက အန်တီ သူ့သားဖြစ်တဲ့ ကျမရဲ့ သူငယ်ချင်း ဘ၀တူငပျင်းကို စာကျက်ဖို့ နှိုးတာမရလို့ ဆူသံကလဲ ကြက်တွန်သံနဲ့ အပြိုင် ထွက်လာစမြဲ။ ဆွမ်းတော်ချက်ဖို့ တကုတ်ကုတ်နဲ့ အဘွားက မီးဖိုထဲမှာ အလုပ်ရှုပ်နေလေရဲ့။ ကျမတို့မြို့က မကြီးပေမဲ့ မြို့နဲ့ကိုက်ညီတဲ့ ဂုဏ်အင်္ဂါရပ်တွေရှိလို့ အနီးနားရွာတွေက ဈေးလာဝယ်ကြတဲ့ မြို့မဈေးကြီး တခုရှိတယ်။ နယ်ရွာတွေက ဈေးရောင်းမဲ့သူတွေ အိမ်ရှေ့ကဖြတ်သွားကြတာ ဟင်းရွက်သယ်သူသယ် ငါးတွေသယ်သူသယ်နဲ့ မနက်မိုးမလင်းခင် ဈေးကိုအရောက်သွားဖို့ ပြောနကြတာ ကျမစောင်ထဲကနေရင်းတောင် ကြားရတယ်.....

         အမေ့အငယ်ဆုံး ညီမကလဲ ဆောင်းရာသီရောက်တိုင်းကြွေနေကြ သစ်ရွက်ခြောက်တွေကို လမ်းမပေါ်မှာ မနက်တိုင်း အမှိုက်လှဲရင်း ကုသိုလ်လဲရ ၀မ်းလဲဝတယ် ဆိုသလို အချမ်းပြေ မီးဖှိုအဖြစ် အလွယ်တကူ သုံးလို့ရအောင် မီးရှို့နေလေရဲ့။ အိမ်ရှေ့က တောင်ဇလပ်ပန်း ရနံ့ကလဲ မွှေးကြိုင်နေတာ မနက်ကျရင် ဆရာမတွက် တောင်ဇလပ်ပန်းတွေ ခူးပြီး တစ်ကုံးလောက် ယူသွားအုန်းမှ..... 

        ရပ်ကွက်က အဘိုးတွေနဲ့ တူတူလမ်းလျှောက်ဖို့ ကျမရဲ့ အဘိုးကလဲ တုတ်ကောက် တချောင်းကိုင်ပြီး အဒေါ်ရဲ့ မီးဖှိုဘေးမှာ စောင့်နေတယ်။ မနက်တိုင်းဖွင့်နေကျ ကြာနီကန်ဆရာတော် ဦးဇဋိလ ဟော်ကြားတဲ့ " ပဋ္ဌာန်းပါဠိတောနဲ့ ဓါရဏပရိတ်တော် " ကို မကြားရရင် မနက်ခင်းအိပ်ရထရတာ တခုခုလိုနေသလိုပဲ။  သမီးထတော့ " ဆိုတဲ့ အမေရဲ့ အသံနည်းနည်းလောက်မာလာပြီးဆိုတာနဲ့ နောက်တခေါက် နှိုးဖို့နည်းကို သိလို့ ကျောကုန်းပေါ် ၀ခြမ်းပြား မရောက်ခင် ဗြုန်းခနဲ ထထိုင်လိုက်ပါတော့တယ်..... 

        စာမကျက်ခင် မျက်နှာသစ်ဖို့အထ အပြင်မှာ အမှောင်ထုက ကြီးစိုးဆဲ ကြယ်ရောင်လေးတွေက တလက်လက်နဲ့ သူ့တို့အစွမ်း မိုးမလင်းခင် သူတို့ထက် အားကြီးတဲ့ နေရောင်မထွက်ခင် အားကုန်ပြနေကြလေရဲ့။ လေတချက်အဝှေ့မှာ အေးစိမ့်သွားတာ ကြက်သီးမွေးတောင်ထတယ်။ ဒီလိုမျိုး ချမ်းအေးလှတဲ့ နှင်းတွေဝေနေတဲ့ ဆောင်းမနက်ခင်းမှာ အိပ်ချင်စိတ်ကို ပြန်လည်တိုက်ခိုက်ရင်း ကျမရဲ့ဘ၀ကို လင်းလက်စေမဲ့ စာတွေကို ကျက်ရပါအုန်းမယ်..............

Tuesday, September 25, 2012

အမေ့တွက်

နိုးထလာတဲ့ မနက်တိုင်း 
မျက်လုံး လုံးဝမဖွင့်ချင်တော့တဲ့ 
စိတ်ကိုဆန့်ကျင်ပြီး 
သမုဒ္ဒရာ ၀မ်းတထွာတွက် ငါနိုးထရအုန်းမယ်.....

မပြီးဆုံးတဲ့ အိမ်မက်ရှည်တွေတွက်
မှောင်မှိတ်နေတဲ့ ငါ့ကမ္ဘာကို 
အံတုရအုန်းမယ်...... 

မရေရာတဲ့ အနာဂါတ်ကို 
ကိုယ့်ကို အဖော်ပြုဖို့
ရောက်လာကြတဲ့ သားသမီးတွေတွက်
ဝိုးတ၀ါးနဲ့ လျှောက်ရပါအုန်းမယ်....

သစ်ရွက်ကလေးပါ

မင်းထွက်သွားတုန်းက 
ရွာထိပ်ညောင်ပင်အောက်မှာ 
မျက်ရည်တွေနဲ့ တစ်စုံတစ်ယောက်ကိုသာ 
မင်းတွေ့ခဲ့မယ်ဆိုရင် 
မင်းခြေလှမ်းတွေ ရပ်တန့်ခဲ့မလား ... 

အချိန်မှီရောက်မလာခဲ့ဘူးဆိုတဲ့ နောက်ကွယ်မှာ
သေခြင်းတရားတခုရှိတာ သိသွားခဲ့ရင် 
ငါ့ကိုအပြစ်တင်ပြီး လမ်းခွဲခဲ့တာ 
မင်းနောင်တများ ရနေမှလား ... 

အချစ်တစ်ခုတည်းတွက် ကိုယ်ရဲ့မာနကို 
မစွန့်လွှတ်နိုင်ခဲ့တဲ့ မင်းကို 
အတ္တကြီးတယ်လို့ တခါမှ ငါမပြောခဲ့ဖူးပါ ... 

Popular ဖြစ်ချင်တဲ့ မင်းနဲ့
သာမာန်ဘ၀ကို မြတ်နိုးတဲ့ ငါ 
လမ်းကြောင်းမတူခဲ့တာ အဆန်းမှမဟုတ်တာ... 

သတိတရများရှိခဲ့ရင် သင်္ကြန်ရောက်တိုင်း
ပေးနေကျ ကံ့ကော်ပန်းတစ်ပွင့်လောက် 
လက်ဆောင်ပေးစမ်းပါကွယ်... 

မင်းရဲ့ ဒိုင်ယာရီထဲက 
စာမျက်နှာသစ်တွေမှာ ငါ့ရဲ့နာမ်စား 
နာမည်တခုလောက် 
ရှာတွေ့နိုင်မယ် မထင်တော့ပါ... 

တန်ဖိုးဆိုတာ 
ထားတဲ့သူပေါ်မှာ မှုတည်ပြီး 
ရှိတယ်,မရှိဘူး ဆိုပြီး 
ကွာခြားသွားတာပါ... 

အမှန်တကယ်များ 
ချစ်တတ် မြတ်နိုးတတ်ခဲ့ရင် 
နင်ဘယ်အဆုံးရှုံးခံခဲ့ပါ့မလဲ...

မြေပေါ်မှာ ကြွေနေတဲ့ 
သစ်ရွက်ကလေးတွေ 
သူတို့တွေ ပြန်စိမ်းလှန်းနိုင်အုန်းမယ်လို့ 
မင်းထင်ခဲ့သလား ...

Monday, September 24, 2012

သူမ






 "သူမ" ဆိုတာကတော့ ကျတော့်ရဲ့ Girl ပေါ့။ ကျတော်တို့ရဲ့ First Year Anniversary မှာ ကျတော့်လက်ရေးနဲ့ ရေးထားတဲ့စာကို ဖတ်ချင်တယ်ဆိုလို့ စာရေးပျင်းတဲ့ ကျတော်ခမျာ ကြိုးစားပမ်းစား ရေးထားရတာပါဗျာ။ စပြီနော်... 

Computer က Camera အနီးကိုကပ် မျက်လုံးလေးမှိတ်ရဲ့နဲ့ သူနဖူးလေးကို တခါတခါလာထိတယ်ဗျာ. အဲလိုလုပ်ရင် ကျတော်ပခုံးပေါ် သူမှီချင်တာကို ကျတော်သိတာပေါ့။ သူနမကောင်းရင်လဲ ကျတော့်ကို ကျွန်ပျုတာ အနားကနေ ဘယ်မှမသွားခိုင်းဘူး။ အဲဒီ့ဘေးနားမှာပဲ သူမတချိန်လုံးအိပ်နေခဲ့တယ်။ အလုပ်မှာပဲဖြစ်ဖြစ် အိမ်မှာအဆင်မပြေတာဖြစ်ဖြစ် ကျတော်ကို ဖွင့်မပြောပဲ မနက်မိုးလင်းမှ မို့နေတဲ့ သူ့မျက်လုံးတွေမြင်ပြီးမှ သိရရင် သူကိုကြည့်ပြီး ကျတော့်ဘယ်ဘက်ရင်ထဲနေ မခံနိုင်လောက်အောင်ကို အောင့်တတ်လာတယ်ဗျာ။ စိတ်မကောင်းစရာ ကိစ္စဆိုရင် ဘယ်သူ့ကိုမှ အနှောက်ယှက်မပေးချင်ဘူးဆိုတယ် သူမကို ပြသာနာ တခုကို ရင်ထဲသိမ်းမထားနဲ့ အကုန်လုံး သူ့ကိုပြောပြလို့ ဘယ်လောက်ပြောပြော ခေါင်းမာတဲ့ သူမမျက်လုံးတွေကြည့်ပြီး ကျတော် နားလည်လာပြီးဗျ....

ကိုယ်တို့နှစ်ယောက်ကို ပိုပြီးနီးစပ်စေခဲ့တဲ့ Skype ကတော့ ကိုယ်နဲ့ သူမရဲ့ အောင်သွယ်တော်ပေါ့ဗျာ။ အံသြော်စရာကောင်းတာက ဘေးလူကြောင့် စိတ်အနှောက်အယှက် ၃ရက်လောက် ဖြစ်ဖူးတာကလွဲလို့ ကျတော်နဲ့ သူမ တခါမှရန်မဖြစ်ဖူးဘူး။ အဲဒီတုန်းကလဲ ပြသာနာရဲ့အဖြေကို မစဉ်းစားဘဲ ငါတို့နှစ်ယောက် ဝေးပြီ သူမ ကိုယ့်အနားမရှိတော့ဘူးဆိုတဲ့ စိတ်က စားမ၀င်အိပ်မပျော်လောက်အောင် တော်တော်ကိုဆိုးဝါးခဲ့တယ်။ ဒုက္ခတစ်ခု ရင်ဆိုင်ပြီးတိုင်း လူတစ်ယောက်က ပိုရင့်ကျက်လာသလို ကျတော်နဲ့ သူမလဲ ဒီကိစ္စ ပြေလည်သွားပြီးနောက် ပိုပြီးတော့ တစ်ယောက်ကို တစ်ယောက် နားလည်ပြီး တန်ဖိုးထားတတ်လာကြတယ်ဗျ။ 

အနေဝေးတဲ့ ကျတော်တိုနှစ်ယောက်ကံ ဘယ်ဘ၀က အငြိုးတွေလဲမသိဘူး Bruno Mars ဆိုထားတဲ့ Long Distance ကကိုယ်တို့ နှစ်ယောက်ကိုများ ရည်းစူးသလားလို့။ သူမက မချောဘဲနဲ့ ခဏခဏ သ၀န်တိုတဲ့ ကျတော့်ကို တခါတလေ အော်သေးတယ်။ ကိုယ်ချစ်တဲ့ မိန်းကလေးနား ဘယ်ကောင်လေးမှ မကပ်စေချင်တာမှ ချောတာ မချောတာနဲ့ မဆိုင်ဘူးလေဗျာ။ သူမကို အမြဲတမ်းဂျီကျတတ်တဲ့ ကျတော်က သူမထက် အသက်ကြီးနေလေရဲ့။ 

ကျတော်က Skype ကသူမဓါတ်ပုံတွေကိုလဲ ခိုးရိုက်တတ်သေးတယ်။ ကျတော် အရမ်းကြိုက်တဲ့ သူမဓါတ်ပုံတွေထဲက အသက်ဝင်တဲ့ ပုံလေးဖြစ်ဖြစ် ကဗျာဆန်တဲ့ ပုံးလေးဖြစ်ဖြစ် သူမကို Email ပို့တာ ပိုချစ်မယ်ထားအုန်း အဆူတောင်ခံရသေးတယ်။ ဘာလို့လဲဆိုတော့ မျက်လုံးမှိတ်ရင်မှိတ် မမှိတ်ရင် ပါးစပ်ဟနေလို့ အရမ်းအရုပ်ဆိုးတယ်တဲ့။ ဒီတခါတော့ ကျတော့်ဘက်က မှန်တယ် ဘာလို့ဆိုတော့ လူတိုင်း ဓါတ်ပုံရိုက်မယ်ဆိုရင် ပဲများရတာနဲ့ အိုင်တင်ပေးရတာနဲ့ ဘယ်မှာ အသက်ဝင်လို့လဲ သက်သက်မဲ့ လုပ်ယူထားတဲ့ ဟာကြီးတွေ။ သူမပုံတွေကမှ တကယ်လှတာ..... 

သူမအကြောင်းလဲ ပြောတာများနေပြီ ဒီမှာ တခန်းရပ်ပါမယ်ခင်ဗျာ... 

ရုပ်ဆိုးတယ်ဆိုတဲ့ သူမကို 
ဆင်းရဲတယ်ဆိုတဲ့ သူမကို 
ကံမကောင်းဘူးဆိုတဲ့ သူမကို 
ဘ၀မလှဘူးဆိုတဲ့ သူမကို 
ခဏခဏစိတ်ဓါတ်ကျတတ်တဲ့ သူမကို
သေရမှာမကြောက်တဲ့ 
သူမဆိုတဲ့ ကျတော့်ရဲ့ Princess ကို 
အသက်ထက်ပိုပြီးတော့ ချစ်ပါတယ်ခင်ဗျာ.......

Wednesday, September 19, 2012

ငါ ဆိုတာလဲရှိတယ်

သဘာဝအန္တရယ်ကြောင့် အိမ်ဆုံးရှုံးသွားရတဲ့ လူတွေရှိသလို, လောင်းကစားလုပ်လို့ အိမ်ခြေမဲ့သွားတဲ့ လူတချို့လဲရှိတယ်။ 
တချို့က မိဘ ဆုံးသွားလို့ မိဘမဲ့ ဖြစ်သွားရသလို့, မိဘတွေရဲ့ စွန့်ပစ်ခြင်းခံခဲ့ရလို့ မိဘမဲ့ ဖြစ်နေတဲ့ အပြစ်ကင်းတဲ့ ချစ်စဖွယ်ကလေးငယ်တွေလဲရှိတယ်။ 
မတော်တဆမှုကြောင့် ခြေလက်မစုံတဲ့ လူတွေ ရှိသလို, မွေးကတည်းက ခြေလက် မပါဘဲ စွမ်းတဲ့ လူတွေလဲရှိတယ်။ 

အသက်အရွယ်ကြီးလာလို့ တောင်းစားနေတဲ့ လူတွေရှိသလို, တချို့က ကိုယ့်ကို အားမကိုးဘဲ သူတပါး လုပ်အားကို အရှက်မရှိဘဲ တောင်းရမ်းပြီး အသက်ရှင်နေတဲ့ လူတွေလဲရှိတယ်။ 
သားသမီး ရှိရဲ့နဲ့ ဂရုမစိုက်လို့ ပင်ပင်ပန်းပန်း အသက်မွေးနေတဲ့ မိဘတွေရှိသလို, သားသမီးဆုံးသွားလို့ မသယ်နိုင်တဲ့ ခန္ဓာကို အားတင်းပြီး အလုပ်လုပ် နေရတဲ့ သနားဖို့ကောင်းတဲ့ မိဘတွေလဲရှိတယ်။ ဟိုတယ်မှာမှ မစားရရင် လုံးဝထမင်းမစားတဲ့ သူတွေရှိသလို, တခြားတနေရာမှာ ထမင်းငတ်နေတဲ့ လူတွေလဲ တောင်ပုံရာပုံပဲ။ 

ဆင်းရဲလို့ စာမသင်နိုင်တဲ့ လူတွေရှိသလို, ချမ်းသာရဲ့သားနဲ့ ပညာကို တန်ဖိုးထားရကောင်းမှန်းမသိလို့ စာမတတ်တဲ့ လူတွေလဲ အများကြီိးပဲ။ 
ဘ၀ကို တစ်မျိုးတစ်ဖုံ အကောင်းဖက်ကို ပြောင်းပေးစေတဲ့, ကိုယ့်ကမ္ဘာကို အလင်းရောင်ပေးတဲ့ စာအုပ်တွေကို မ၀ယ်နိုင်လို့ မုန့်ဖိုးရတဲ့ ပိုက်ဆံကိုစုပြီး စာကြည့်တိုက်က စာအုပ်ငှားဖတ်တဲ့ သူတွေရှိသလို, အင်တာနက်ကနေ စာအုပ်အလကားဖတ်ဖို့ အခွင့်အရေးရှိရဲ့သားနဲ့ အဓိပ္ပါယ်မရှိတဲ့ဟာတွေနဲ့ အချိန်ဖြုန်းနေကြတဲ့ လူတွေလဲရှိတယ်။ 

IPad ကိုင်ပြီး ဘာဂါစားတဲ့ ဘ၀ကို ပိုင်ဆိုင်တဲ့ ကလေးတွေရှိသလို, ထောင့်တွေကပွန်းနေတဲ့ ကျောက်သင်ပုန်း တစ်ချပ်နဲ့ ထမင်းကြမ်းစားနေရတဲ့ ကလေးတွေလဲ အများကြီးရှိတယ်။ ပိုက်ဆံမရှိလို့ ဆေးမကုနိုင်ဘဲ သေသွားတဲ့ သူတွေရှိသလို, ရောဂါကို ငွေနဲ့ဝယ်နေတဲ့ သူတွေလဲ လက်ချိုးရေလို့ မရနိုင်လောက်အောင်ကိုရှိတယ်။ 
ဒီလမ်းကသွားရင် လိုချင်တဲ့ပန်းတိုင်ကို ရောက်မယ်ဆိုပြီး တစိုက်မတ်မတ် သွားတဲ့သူတွေရှိသလို, အောင်မြင်မှုကို ဒီလိုလုပ်ရင်ဖြစ်တယ်ဆိုတာ သိရဲ့နဲ့ ၀ီရိယနည်းတဲ့ ငပျင်း ငါဆိုတာလဲရှိတယ်........

Tuesday, September 11, 2012

အတူရှိနေတုန်း တန်ဖိုးထားပါ

               အလုပ်လုပ်ရင်း နားထဲမှာ တခုခု နားမထောင်ရရင် မနေနိုင်တဲ့ အကျင့်က ဒီအလုပ်ကို ရောက်ပြီးမှ အကျင့်တခုလို ဖြစ်လာခဲ့တယ်။ ဒီနေ့လဲ မိုးအေးအေးလေးနဲ့ YouTube ထဲကို ဟိုကလိ ဒီကလိနဲ့ ရိမ်မိုး သီချင်းလေးတွေ အမှတ်မထင် နားထောင်ဖြစ်ရင်း လူတယောက်ကို အရမ်းသတိရသွားတယ်။ ရန်ကုန်က ဘဏ်တခုမှာ အလုပ်လုပ်နေရင်း ဆင်းရဲပေမဲ့ ဘ၀ကိုကြိုးကြိုးစားစား ရုန်းကန်နေတဲ့  ရခိုင်ပြည် မာန်အောင်မြို့နယ် ရွာကလေးတစ်ရွာက လူငယ်လေး တစ်ယောက်ဆိုရင် ပိုမှန်မယ်။

             ရိမ်မိုးသီချင်းတွေ Mail ထဲကို ခဏခဏ ပို့တတ်လွန်းလို့ ရိမ်မိုး သီချင်နားထောင်ဖြစ်ရင် သူ့အကြောင်းပါ တွဲပါလာတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာပဲ လာမဲ့ 15/09/2012 ဆိုရင် သူကွယ်လွန်သွားတာ 8 လတင်းတင်း ပြည့်ပြီပဲ။ လောဘသားကောင်းတွေရဲ့ အသိဥာဏ်မရှိတဲ့ လုပ်ရပ်တွေကြာင့် အပြစ်မဲ့တဲ့ သူတွေ ဘယ်နှစ်ယောက် အသက်စတေးခဲ့ရပြီးပြီလဲ။ မသေသင့်ဘဲ သေခဲ့ရတဲ့ သူ့အကြောင်း စဉ်းစားလိုက်တိုင်း ရင်နာလို့မဆုံးဘူး။ သူတို့ရုံးကနေ စုပြီးတော့ ကျိုက်ထီးရိုးကို ဘုရားဖူးခရီးကအပြန် ရှေ့က ကားကိုကျော်တက်ရင်း ကားမှောက်ပြီးတော့ လူနှစ်ယောက် သေသွားခဲ့တယ်။ (15/01/2012)နေ့ မှာဖြစ်တဲ့ Car Accident မှာ  ဆေးရုံးကိုပို့ရင်း လမ်းပေါ်မှာပဲ သူသေဆုံးခဲ့တယ်။ ဘယ်လောက်ကံဆိုးလိုက်လဲ ဘုရားဖူးပြီး ပျော်ပျော်ပါးပါး ပြန်လာတာ ဘယ်သူတွေကများ ဒီလိုမျိုး အဖြစ်ဆိုးတွေကို မျှော်လင့်ထားမလဲ။ ကံတရားက သူ့ကိုရက်စက်လွန်းပါတယ်။

             2010 April လထဲက တရက်မှာ သူနဲ့ GTalk မှာ စတွေ့ခဲ့တယ်။ Forward Mail ထဲကနေ ရလို့ ဒီအကောက်ကို Invite လုပ်လိုက်တာပါလို့ပြောတဲ့ သူ့ကို ရခိုင်အချင်းချင်းမို့ စကားပြောဖြစ်တယ်။ အင်တာနက်ဖိုးတွေ ဈေးကြီးတဲ့ မြန်မာနိုင်ငံမှာ အွင်လှိုင်းနေ့စဉ်သုံးနိုင်မယ်ထားအုန်း တစ်လ အသုံးစရိတ်တွေပိုမှ သုံးနိုင်တဲ့ ကိုယ့်အခြေအနေမို့ သူနဲ့လဲ ပုံမှန် မတွေ့ဖြစ်ဘူး။ ဗဟုသုတဖြစ်တဲ့ စာတိုလေးတွေ, ဟာသ၀တ္ထုတိုလေးတွေ, ထူးဆန်းတဲ့ ဓါတ်ပုံတွေဖြစ်ဖြစ် သူပို့တတ်ပါတယ်။ မပါမဖြစ်ကတော့ ရိမ်မိုး သီချင်းတွေပါပဲ။ သူ Mail ပို့ရင် သူငယ်ချင်းတွေ အများကြီးပို့တတ်တဲ့ အထဲမှာ ကိုယ်လဲ တစ်ယောက်ပါဝင်ခဲ့တယ်။ သူ့ကြောင့်လဲ ရိမ်မိုးဆိုတာ အလွမ်းသီချင်းလေးတွေ အသံအေးအေးလေးနဲ့ ဆိုတတ်တဲ့ အသံကောင်းတဲ့ ယောက်ကျားလေးမှန်းသိခဲ့တာပါ။ သူမရှိတုန်း ရွာမှာကျန်ခဲ့တဲ့ ရည်းစားကို အိမ်က ယောက်ကျာ်းပေးစားလိုက်လို့ သူအသဲကွဲနေတာပါလို့လဲ ဖွင့်ပြောတတ်ပါတယ်။ မိန်းမယူဖို့နေနေသာသာ သူ့လစာနဲ့သူ ပတ်ချာလည်နေတဲ့သူ့ဘ၀ကို ချက်တင်ထဲမှာတွေ့ရင်တော့ သူညည်းတတ်ပါတယ်။ အိမ်ကိုပိုက်ဆံ ပြန်မပို့နိုင်လို့ ကိုယ့်အလုပ်ကို စိတ်ဓါတ်ကျပေမဲ့ ကိုယ်ရထားတဲ့ ၀မ်းတစ်ထွာကို ဒီဘဏ်အလုပ်ကနေ ဖြည့်ပေးတာပါတဲ့။

            အွင်လိုင်းထက်မှာ ရင်းနှီးလာပေမဲ့ အပြင်မှာ တခါမှ မတွေ့ဖူးခဲ့။ တကယ်လို့ သူနဲ့ကိုယ်သာ ဘ၀တူချင်း (မိန်းကလေး အချင်းချင်း သို့ ယောက်ကျားလေး အချင်းချင်း)သာဖြစ်ခဲ့မယ်ဆိုရင် ရခိုင်အချင်းချင်း အပြင်မှာ မတွေ့ဖြစ်တဲ့ အကြောင်းမရှိပါဘူး။ သူကလဲ မိန်းကလေးဖြစ်နေတဲ့ကိုယ့်ကို အားနာပြီးတော့ အပြင်မှာ တွေ့ခွင့်မတောင်းသလို ကိုယ်ကလဲ အွင်လိုင်းထက်မှာတွေ့တဲ့လူနဲ့ အပြင်မှာတွေ့တယ်ဆိုတာ နာမည်မကောင်း သိက္ခာကျတယ်ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်စွဲထားတဲ့သူမို့ မောင်နှမလိုမျိုး ဆက်ဆံနေတာတောင် သူသေသွားတဲ့အထိ အပြင်မှာ တစ်ခါမှ မဆုံဖူးလိုက်ဘူး။ ကိုယ့် Ferry Car လေးက အလုပ်သွားတိုင်း သူ့ရုံးနားက ဖြတ်သွားရတာနဲ့ သူ့ကို မြင်ဖူးဖို့ ရုံးတတ်တဲ့ အချိန်တူနေတာက အကြောင်းပါလာခဲ့တယ်။ အဖြူ အပြာ ရုံးဝတ်စုံလေးနဲ့ သူတို့ရုံးက ၀န်ထမ်းတွေကို အုပ်စုလိုက် လက္ဘရည်သောက်နေတာတို့, ရုံးလာနေတာတို့ကို မြင်ရရင် သူများပါလေမလားလို့ တခါတခါလဲ ရှာကြည့်မိတယ်။ သူနဲ့ကိုယ်ကြား ဓါတ်ပုံဆိုလဲ Mail ထဲကနေ သီးသန့်မပို့ဖြစ်ကြဘူး။ ဒါပေမဲ့ အရပ်သိပ်မရှည်ဘူးဆိုတဲ့ သူ့ကို GTalk Photo သေးသေးလေးတွေကို မြင်ဖူးနေကျမို့ အပြင်မှာ မြင်ဖူးရင် မှတ်မိလွယ်ပါတယ်။ ၁နှစ်အတွင်း ဆယ်ကြိမ်ထက် မပိုဘဲ အဝေးကနေ သူ့ကို ရုံးဝတ်စုံလေးနဲ့ပဲ တွေ့ဖူးခဲ့တယ်။

            ဒီလိုနဲ့ အွင်လိုင်းပေါ် တက်လိုက်ပျောက်လိုက်နဲ့ သူပို့ထားတဲ့ Mail တွေကိုတော့ အချိန်မှန်တုန်းပဲ။ နိုင်ငံခြားမထွက်ခင်လဲ ဒီမှာရှိတဲ့ သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေး ဖုန်းနံပါတ်တွေ GTalk အကောက်တွေ ရှာပေးရနဲ့ ကိုယ့်တွက် သူ့ခမျာ စိုးရိမ်ရှာပါတယ်။ ဒီကိုရောက်တော့လဲ ကိုယ့်အလုပ်နဲ့ကိုယ် မအားတာနဲ့ " နေကောင်းလား, အလုပ်အဆင်ပြေလား " ဒီလောက်နဲ့ပဲ ကိုယ်တို့ချက်တင်က ပြီးဆုံးသွားခဲ့တယ်။ "Christmas Card , Happy New Year" ကဒ်ကလေးတွေပါတဲ့ 31 Dec 2011 ကပို့ထားတဲ့ Mail ကတော့ သူ့ရဲ့ နောက်ဆုံး Mail လေးပါပဲ။ Forward Mail တွေရောက်တိုင်း အရင်ပို့နေကျ လူတယောက်ကို သတိရရင်း ကောင်းရာသုဂတိသို့ ရောက်ပါစေလို့ မကြာမကြာဆုတောင်းပေးမိတယ်။ တခါတလေ သူ့ပို့ထားတဲ့ Mail တွေ သူနဲစကားပြောဖူးတဲ့ Chatting တွေဝင်ကြည့်ရင်း ညာဖက်ထိပ်နားက ပေါ်နေတဲ့ သူနောက်ဆုံးတင်ထားခဲ့တဲ့ ပါးစပ်အပေါ်ပိုင်းထိ ရိုက်ထားတဲ့ သူ့ဓါတ်ပုံသေးသေးလေးက သက်ရှိထင်ရှား ကိုယ့်ကို ကြည့်နေသလိုပဲ။ 

        " ကွေးသောလက် မဆန့်ခင်, ဆန့်သောလက် မကွေးခင် " ဆိုတဲ့ စကားက အမှန်ပါပဲ။ မျက်တောင် တခတ်အတွင်း လုံးဝမထင်ထားတဲ့ အရာတွေ ဖြစ်တဲ့အထဲမှာ သေခြင်းတရားက အဆိုးဆုံးပေါ့။ ဒါကြောင့် သက်ရှိထင်ရှားရှိတုန်း အနားမှာရှိတဲ့ လူအားလုံးကို လေးလေးစားစား ချစ်ချစ်ခင်ခင် ဆက်ဆံပါ။ ကိုယ့်စိတ်ထဲမှာလဲ သူဖြစ်ဖြစ် ကိုယ်ဖြစ်ဖြစ် ခဏနေရင် သေတော့မယ်ဆိုတဲ့ အသိစိတ်ကလေး ထည့်ထားရင် ကြင်ကြင်နာနာနဲ့ ဆက်ဆံနိုင်သလို မကောင်းတဲ့ ကိစ္စတွေလဲ ဖြစ်မလာနိုင်ပါဘူး။ အော် အပြောင်းအလဲ မြန်လွန်းလှတဲ့ လောကကြီးရေ..........

Sunday, September 9, 2012

ဂူတာပြင် တန်းထားချေ

             အပူ အအီး မမျှတရေ ရခိုင်ပြည်မှာ အီးရေဆိုလဲ နားရွက်တိ ပြတ်ကျလားအောင်ထိ အီးပနာ ပူရေဆိုလဲ ခန်ထာမှာ အင်္ကျီတင်လို့မရအောင်ပူရေ။ ယင်းနဲ့လို့ နွီရာသီရောက်ကေ ညစာသား ထမင်းစားပြီးတိုင်း လူတိုင်းနီးပါး အိမ်ထဲမှာ မနိန်ဘဲ အီးချမ်းရာ အီးချမ်းကြောင်း လီတိုက်တေ နိန်ရာတိကို လားကတ်တေ... 

                                                       လူစည်ကားဆုံး နိန်ရာကတော့ ဂူတာပြင်တန်းထား ဖြစ်တေ။ ( ဂူတာပြင်ရပ်ကွက်စွာ ရသေ့တောင်မြို့ အရှေ့တောင်ပိုင်းထဲမှာ တည်ရှိနိန်စွာ ဂူတာပြင်ရပ်ကွက်ကို လာဖို့ဆိုကေ ယင်းတန်းထားချေကို ဖြတ်ပြီးမှ ရောက်လို့ ဂူတာပြင်တန်းထား လို့ခေါ်ပါရေ) သက်တမ်း ဇာလောက်ကြာယာလဲ မမှတ်မိ။ 

         အကျွန်သိတတ်စအရွယ်ကပင် ယင်းတန်းထားချေကို ဖြတ်နိန်ရစော် ဒေကု အကျွန့်အသက် ၂၃ထဲရောက်ပါလတ်ယာ။ အကျွန်လဲ အသက်ကြီးပါလတ်တေ ယင်းတန်းထားချေလဲ တဖြည်းဖြည်း ဟောင်းပနာ နှစ်တိကြာပါလတ်တေ။ အကျွန်လဲ နိန်မကောင်းလို့ ဆီးခန်းကို ဇာနှစ်ခါလားပစ်ယာလဲ မမှတ်မိရေပိုင် သစ်သားနဲ့ လုပ်ထားရေ ယင်းတန်းထားချေကိုလဲ ထိုနားက သစ်တခု ဆွီးလိုက် ဖာလိုက်နဲ့ နပန်းလုံးနလီရေ... 

           ညစာသား ထမင်းစားပြီးတိုင်း ကလိုင်သျှေတိ ထိုင်ပနာ လီညှင်းခံရင်း ဖြတ်လား ဖြတ်လာ မမသျှေတိကို နတ်ယောင်းကား လုပ်ကတ်တေ။ ဆလောက်သောက်တေ လူနဲ့ ရေဒီယို နားထောင်ရေ လူနဲ့, ရေဒီယိုမရှိရေ လူကလဲ မိုးလင်းက RFA မှာဇာပြောခလေ ဆိုစော်ကို တဆင့်နားထောင် နိန်ကတ်တေ အဘိုးရှင်ရို့လဲ ကလိုင်သျှေတိနဲ့ အပြိုင် ယင်းတန်းထားထက်မှာ ထိုင်နိန်ကတ်တေ... 

          တေးခြင်းဆိုရင်း ပပြုံးရရွင်နဲ့ ငါးဖမ်းပြီး နီစောင်းလို့ ပြန်လာကတ်တေ လင်မယားနှစ်ယောက် လောင်းချေလဲ ယင်း တန်းထားအောက်က အချိန်မှန် ဖြတ်လားရေ။ လင်က လောင်းလှော်ပနာ မယားသည်က ပိုက်မှာ ကပ်နိန်ရေ ငါးကို နက်ဖြန်ခါ ဈီးမှာရောင်းဖို့ ခွါနိန်စော် အာဇာနည်နဲ့ ၀ိုင်းစုခိုင်သိန်းဆိုထားရေ တေးခြင်းပိုင် လိုက်ဖက်တဲ့ဘ၀က စုံတွဲစွာ ဒေလင်မယားပဲ ဖြစ်ရဖို့..... 

           တန်းထား ညာဖက်မှာ ဆန်စက်တခုဟိရေ, ယင်းဆန်စက်ကထွက်တေ ဖွဲခွံတိကြောင့် ချောင်းရီကို ညစ်ပါတ်စီလို့ ကောင်း သဘောမကျကေလေ့ ၀မ်းရေးတွက် တစ်ဖက်က ကြည့်လိုက်တေခါ ကျေးဇူးတင်ရဖို့ ဖြစ်နိန်ရေ၊ ဇာတွက်ဆိုကေ ညစာဖက် ၇ နာရီကပင် ၁၀နာရီထိုးထိရာ ရရေ ဒေမြို့က မီးကိုအားကိုးဖို့ဆိုကေ ထမင်းတောင် ငတ်လားဖို့, ယင်းဖွဲခွံကို ဆန်စက်ထိုးရေ အချိန်မှာ ဗေါက်သာအိတ်နဲ့ ကောက်ပနာ ထမင်းချက်ရစော်.....

          တန်းထား ဘယ်ဖက်မှာ " ပုဗ္ဗာရုံမြို့မကျောင်း " သို့ "အဟြိဖက် ဘုန်းကြီးကျောင်း" တကျောင်းဟိရေ။ ယင်းကျောင်းထဲမှာ စာကြည့်တိုက် တခုရှိရေ, သောက်ရီကန်လဲ တကန်ဟိရ။ နွီရာသီ ရောက်တိုင်း ခမ်းနီကျ ဂူတာကန်ကို ပစ်ပနာ ဒေဘုန်းကြီးကျောင်းက ရီကိုခပ်ဖို့ ပြီးရရေ။ အမြဲမပြတ် မိုးကုတ်ဝိပသာနာက တရားစခန်းလဲ ယင်းကျောင်းထဲမှာ ကျင်းပလို့ ယင်းတန်းထားချေစွာ လူပြတ်တေလို့ မဟိ.....

         တန်းထားကနိန် လူတခေါ်စာ အ၀ီး ဂူတာကန်ဘောင် အောက်မှာ ကုက္ကိုလ်ပင်ကြီးတပင် ထထီးမမား ဟိနိန်ရေ။ နိန့်ခင်းသားတိုင်ကေ သက်ကြီး ရွယ်အိုတိ အပျင်းပြေ ထိုင်စကားပြောကတ်တေပိုင် ညစာသားရောက်ကေ အသျှေတိ ကစပ်နည်းမျိုးစုံနဲ့ ရရောင်းသတ်ပနာ စည်ကားနိန်ရေ... 

        ယင်းတန်းထားချေထက်မှာ ညဉ့်နက်ပါလတ်လီ ဂူတာပြင်က အဆိုတောင်သျှေတိ ဂီတာ လက်သံပြမှုက ပိုပနာကောင်းလာလီနဲ့ မပြောင်းလဲဘဲ ယင်းပုံရိပ်ချေတိစွာ ဟိနလီဖို့.....

        အကျွန်လဲ တနိန့် ယင်း ပန်းချီးကားချေကို ပြန်ပနာ အသက်သွင်းဖို့ ပြန်လာလတ်မေ ဂူတာပြင် တန်းထားချေ.............