Pages

Monday, March 11, 2013

မြန်မာတို့ရဲ့ နှစ်သစ်ကူး


" ဥသြ ဥသြ " ဟု
ဥသြ ငှက်ကလေးများသည်
နွေဦးကို ကြိုဆိုကြလေသည်

နွေရာသီရဲ့ လုံမငယ် ဟုတင်စားခေါ်ဆိုကြသော
" ကံ့ကော် နှင့် ပိတောက် " ပန်းများလဲ
ဖူးပွင့်ရန် အစွမ်းကုန် ပြင်ဆင်နေကြပြီ

မြန်မာလူမျိုးတိုင်းရဲ့ ရင်ခုန်သံကို
မြန်စေသော " တူးပို့ တူးပို့ , နွေမ"
သီးချင်းများသံများလဲ နွေ ရောက်ကတည်းက
ရပ်ကွက်တိုင်းတွင် ပျံလွင့်နေသည်မှာ
သင်္ကြန်ကျသည့် အလားပင်

ရေခြား မြေခြား ရောက်နေသည့်
ရွှေမြန်မာများကလဲ
နှစ်သစ်ကူး အမှီပြန်ဖို့
ထုပ်သူက ထုပ် ပိုးသူက ပိုး
တကြွကြွ နဲ့ မြူးနေကြတာကိုက
ဘေးကမြင်ရသူအပေါင်းအား စိတ်ချမ်းမြေ့စေသည်

နွေရာသီကြောင့် ပူပြင်းခြောက်သွေ့နေသော
မြေကြီးလဲ သင်္ကြန်မိုးရွာသွန်းတော့မည့်အတိုင်း
ပျော်ရွင်နေရှာ၏

ဒီနွေကား ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း
တန်ဖိုးထားရသော ရာသီဖြစ်လေသည်
နှစ်သစ်ကူးတွင် လူတိုင်း အလှူအတန်းလုပ်ပြီး
ရပ်ဝေးက မိသားစုများ အိမ်ပြန်လာသော ရာသီချိန်လဲ ဖြစ်သည်
နှစ်ကူးတွင် အညစ်အကြေးများ သယ်ယူမသွားရအောင်
သင်္ကြန်ရေဖြင့် ပက်ကြခြင်းမှာလဲ ချစ်စဖွယ် ရိုးရာ ဓလေ့တစ်ခုပင်ဖြစ်လေသည်.....


Sunday, March 3, 2013

အောင်တေဇလမ်းထဲက ကောင်မလေး

ဒေါက်ဖိနပ်မစီးဘဲနဲ့  စတိုင်ကျကျလမ်းလျှောက်တတ်တဲ့ ကောင်မလေးတစ်ယောက်ကို မိုးဖွဲဖွဲရွာနေတဲ့ တစ်နေ့ တာမွေရပ်ကွက်ထဲက အောင်တေဇလမ်းထဲမှာ တွေ့ခဲတယ်ဗျာ။ ချောလားလို့မေးရင်လဲ မဟုတ်ဘူး အသားဖြူဖြူလေးနဲ့ သာမန်ကောင်မလေးတစ်ယောက်ကို ကျွန်တော် ဘာလို့ ဟိုးအဝေးရောက်သွားတဲ့ထိ လိုက်ကြည့်မိပါလဲ။ သူ့ဆီက ကိုယ်ရောင်ကိုယ်ဝါတွေ ထွက်နေသလိုပဲ ဒါပေမဲ့ နတ်သမီးလို့တော့ မထင်လိုက်ပါနဲ့နော် သူ့မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းမ မဆန်တဲ့ ဆွဲဆောင်မှုရှိတာကလွဲလို့ တခြားလှတပတ ဘာမှမရှိဘူး။ 

အနက်ရောင်ထီးရှည်တစ်လက်ကို မိုးရွာရွာ နေပူပူ ကိုင်ပြီး လွယ်အိတ်ကို စလွယ်သိုင်းကာ ဒီလမ်းပေါ်မှာ သူတစ်ယောက်တည်းအလား အားရပါးရ လမ်းလျှောက်တတ်တယ်။ ထူးခြားတာတစ်ခုက ဂျိန်းဘောင်းဘီရှည် အမြဲတမ်းဝတ်ပြီး ဘောင်းဘီနောက်အိတ်မှာ ဖုန်လား MP3 လားမသိတစ်ခု ထည့်ထားတယ်။ ကျောလယ်လောက်ရှိတဲ့ ဆံပင်လေးနဲ့ သနပ်ခါး တစ်ခါမှ မလိမ်းဘူးထင်တယ် ဒါပေမဲ့ သူ့မျက်နှာက ဘာအဖုမှ မရှိဘူး တစ်ခါလောက်ထိကြည့်ချင်တယ်။ သူ့အကြောင်း ဒီလောက်သိတဲ့ ကျွန်တော့်ကို ခင်ဗျားတို့ မအံသြော်ကြနဲ့လေ သူမက စိတ်ကူးထဲမှာတောင်  ကျွန်တော်ချစ်သူလို့  တစ်ခါတစ်ခါ တွေးပလိုက်တာ။ သူငယ်ချင်းတွေကတော့ ကောင်မလေးကို နေ့တိုင်း ထိုင်စောင့်တတ်လို့ ကျတော့်ကို ယဉ်ယဉ်လေးရူးနေပြီတဲ့။ 

လကုန်ခါနီး ပြားကပ်နေတဲ့ အိပ်ကပ်ထဲက ၂၀၀တန်တစ်ရွက် မျက်စိမှိတ်ထုတ်ကာ သူမအလာကို ထိုင်စောင့်ရင်း ဒီကော်ဖီဆိုင်က အဖေ့ဆိုင်ဆိုရင်း ပိုက်ဆံမပေးဘဲ အလကား သောက်လို့ရမယ်ဆိုတာ စဉ်းစားမိတယ်။ လခစားဆိုတော့ ကျွန်တော်လဲ ဒီလို ကော်ဖီတခွက်တောင် တွက်ချက်ရတယ်ဗျ။  ဘယ်ကတည်းက ရောက်နေတဲ့ ရပ်ကွက်က ငနဲသားတွေလဲ မသိဘူး " ထီးအရှည်နဲ့ အစ်မ " ဆိုပြီး လိုက် စနောက်သံကြားလို့ လှမ်းကြည့်လိုက်တော့ ကောင်မလေးက ငနဲသားတွေရဲ့ခုံကို တည့်တည့်မှတ်မှတ်လျှောက်လာပြီး ' ဘာကိစ္စလဲ နင်တို့တွေ တော်တော်ပါးစပ်အားနေကြလား ဟိုမှာ ရေသန့် ရောင်းနေတဲ့ အဘိုးကြီးကို ကူပြီးအော်ပေးလိုက်  ' ပြောပီး လှည့်ထွက်သွားတာ။ အမယ်လေး ကျွန်တော်ရဲ့ သတ္တိတွေ ဒီအာဂကောင်မလေးရဲ့ မျက်လုံးအောက် အရည်ပျော်ကုန်ပါပြီးဗျာ။  ကောင်မလေးကို ဖွင့်ပြောမဲ့ ကျွန်တော်ရဲ့ ချစ်ခရီး ဘယ်ကစရင်ကောင်းမလဲဆိုတာ တွေးတောင်မတွေးတတ်တော့ဘူး။

အဲဒီ့နေ့က ကျွန်တော် အသဲကွဲမယ်မှန်းသိရင် ကောင်မလေးကို ထွက်မစောင့်ဘူးဗျာ။ ရာသီဥတုက တော်တော်လေးလှနေပေမဲ့ ၀ထ္တုတွေလိုမျိုးတော့ ကျွန်တော့်တွက် ကံမကောင်းခဲ့ဘူးဗျာ။ လာနေကျ အချိန်ထက် နောက်ကျပြီးမှ လာခဲ့တယ် ဒါပေမဲ့ သူတစ်ယောက်တည်း မဟုတ်ဘူး ကောင်မလေးခါးကို ဖက်ထားတဲ့ ရုပ်ဆိုးဆိုးနဲ့ တစ်ယောက်ပါ မြင်လိုက်တယ်။ မထင်ဘူးဗျ မျက်လုံးကို ပွတ်ပြီး သေသေချာချာ ကြည့်မှ အော် တကယ်ပါလား ဆိုတာ ယုံမိတယ်။ သူ့ကောင်လေးက တကယ်တော့ ခန့်ချောကြီးဗျ ရုတ်တရက် သူ့နားမှ ယောက်ကျားတစ်ယောက်ဆိုတဲ့ စိတ်နဲ့ ရုပ်ဆိုးကြီးလို့ ထင်ပလိုက်တာ။ ကောင်မလေးကံကောင်းပါစေဗျာ။ တကယ်ခံစားရတယ် စိတ်ကူးနဲ့ ရူးခဲ့တဲ့ ကျွန်တော့်ရဲ့ ခံစားချက်တွေကို သေသေချာချာ အိမ်ရောက်မှ စာအုပ်ပေါ်မှာ ပေါက်ကွဲပလိုက်မှာ။ ကောင်မလေးရှိတဲ့ ဒီအောင်တေဇလမ်းကို ဘယ်တော့မှ ခြေမချမိအောင် ကျွန်တော်အိမ်ပြောင်းမှရမယ်ဆိုတာ သိလိုက်တယ်ဗျာ........................

Sunday, February 24, 2013

ဖြစ်နေတာတွေ

 














                                               



 အသွားအပြန် ကြိုဝယ်စရာမလိုတဲ့
လေယဉ်လတ်မှတ်

သတ်မှတ်ချက်မရှိတဲ့ 
အားလပ်ရက်

ပြန်လာရင် နှစ်ပါးသွားကရမဲ့
အလုပ်ခုံပေါ်က
စာရွက်စာတမ်းတွေ

ကြားလား ကြားရလားဆိုပြီး
လူကြီးမင်းနဲ့ ခဏခဏတိုးတဲ့
ဖုန်းလှိုင်း

အမေနေကောင်းလား
ကျန်းမာရေး ဂရုစိုက်ဆိုပြီး
ကြင်နာမှု အသံသက်သက်ရေ

ငပိမပါတဲ့
အဖြူထည် အစားအသောက်တွေ

အရာရာဖန်တီးလို့ရတော့ မျက်နှာမလှရှာတဲ့ 
လမင်းကြီးရဲ့ အလင်းရောင်ကိုခံစားဖို့
စင်ကာပူက မီးတွေကို ခဏလောက်ပိတ်ပေးပါ
 

Friday, February 15, 2013

ရက်စွဲ

ဘာမှမဖြစ်သလို နေတတ်သူတွေတွက်
အပမ်းမကြီးပေမဲ့
မနေတတ်သူတွေ အဖို့ကတော့
ကောင်းကင်ငိုရင် တိမ်တွေလဲ
မခံနိုင်ဘဲ စွေသလိုပေါ့

နှစ်တွေလဲကြာ
ပြက္ခဒိန်တွေလဲ နွမ်းကြေပြီ
နေ့စဉ်ရေး မှတ်တမ်းလေးလဲ
ရုပ်မလှတော့ဘူး

ငိုယိုပြီးတမ်းတဖို့
မျက်ရည်တွေ မလုံလောက်တော့တာ
ရင့်ကျက်မှုလား နာကြင်မှုကြောင့်လားဆိုတာ
သိသာလွန်းပါတယ်ဟာ

မြတ်နိုးရခြင်းနဲ့ မဆိုင်ပါဘူး
အတိတ်ကိုသာ တန်ဖိုးထားတက်ရင်
လွမ်းဆွေးဖို့ ကောင်းလွန်းတယ်...

ရက်စွဲတစ်ခုရဲ့   Anniversary ရောက်တိုင်း
တစ်ကိုယ်တော် နွဲတာ
ပွဲပေါင်းလဲ မနည်းတော့ပါဘူးလေ....

Friday, January 25, 2013

အမေများနေ့

ဒီနေ့ ပြာသိုလပြည့် ( 26 Jan 2013: Sat ) အမေများနေ့တဲ့ ။ ဒီကမ္ဘာမှာ ရှိတဲ့ အမေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ။

အမှန်ပြောရရင် February 14 ကျတော့ သိပြီးတော့ အမေများနေ့ဆိုတာ Facebook ကလူတွေရဲ့ Status ကြောင့် သိတာ မဟုတ်ရင် မေ့နေအုန်းမှာ။ ဘယ်လောက် လိမ္မာ သိတတ်တဲ့ သမီးလဲ ရှက်ဖို့တောင် ကောင်းတယ်။ မနေ့က အမေပို့လိုက်တဲ့ လူကြုံပစ္စည်းကို အလုပ်ကပြန်တာနဲ့ သွားယူတော့ ည ၈နာရီတောင်ထိုးတော့မယ်။ ကောင်းကင်မှာ လသာနေလိုက်တာ စိတ်ချမ်းသာဖို့ကောင်းတယ်။ ဒါပေမဲ့ လပြည်ရဲ့ အရသာကို ဒီကလူတွေ မသိကြဘူး အမေ။ မီးထိန်ထိန်လင်းနေတဲ့ ဒီနိုင်ငံမှာ လရဲ့ အလင်းရောင်ကို သူတို့တွေ သတိမထားမိတာ အဆန်းတော့ မဟုတ်ပါဘူးလေ။

အမေ အလုပ်ထဲမှာ Manager တစ်ယောက်ရှိတယ်။ သူက ကိုယ်နဲ့ Department မတူဘူး။ တနေ့ အလုပ်ထဲမှာ သူ့ဆီက အော်သံကြားလို့ လန့်ဖြန့်ပြီးတော့ သွားကြည့်တာ သူက ဖုန်းပြောရင်း တစ်ဖက်ကလူကို အော်ငေါက်နေတာ။ ဖုန်းပြောလို့ပြီးတော့ အဆင်ပြေရဲ့လားလို့ သွားမေးလိုက်တာ အဆင်မပြေဘူးတဲ့။ ဘာလို့ဆိုတော့ သူ့အမေက သူ့သားလေးကို အခန်းထဲကနေပြီးတော့ ပစ္စည်းတွေ ကိုင်လို့ဆိုပြီး ရိုက်ထုတ်လိုက်တာ ကလေးက တအားငိုနေတယ်တဲ့ , ပြီးတော့ ပြောသေးတယ် ငါက ငါ့သားနဲ့ ပက်သက်လာရင် လူသတ်ဖို့လဲ ၀န်မလေးဘူးတဲ့။ အမေရယ် ကြောက်စရာကြီး သူ့အမေကို သူက အေးလိုမျိုးပြောတာ။ အရမ်းပြောလိုက်ချင်တဲ့ စကားတခွန်း " အဲဒါနင့်အမေလေ " ဆိုပြီး လျာဖျားပေါ်မှာ တင်နေခဲ့တယ်။ သူ့ကို မွေးထားတဲ့ အမေကို သူမေ့ပြီးတော့ သူမွေးထားတဲ့ သားကိုကျ ချစ်လိုက်တာ တုန်နေတယ်။ ဒါဆိုရင် သူက မိခင်ကောင်းဖြစ်ပြီး သမီးဆိုးလား အမေ။ သမီးတော့ မိခင်ကောင်းလို့ မထင်ဘူး။ မိခင်ကောင်းဆိုတာ သားသမီးကို အမှန်ဘက်က ရပ်တည်နိုင်အောင် လူကြီးတွေကို ရိုသေ ကိုင်ရှိုင်းတတ်အောင် ဆုံးမ တတ်ရမယ်။

လောကကြီးမှာ ကံကောင်းတဲ့ အမေရှိသလို ကံဆိုးတဲ့ အမေလဲ ရှိတယ် အမေရေ။ နိုင်ငံဘယ်လောက် ကြီးကြီး သားသမီးတွေသာ ဂရုမစိုက်ရင် အမေဆိုတာ မွေးဖူးတယ်ဆိုတာ လောက်ပါဘဲလေ။ စင်ကာပူဆိုတာ အာရှကျားတဲ့ အမေ ဒါပေမဲ့ စားသောက်ဆိုင်တွေမှာ သန့်ရှင်းရေး လုပ်နေတဲ့ လူတွေကတော့ အကုန်လုံး အသက် 60ကျော် အရွယ်တွေချည်းပါပဲ။ ဒီနိုင်ငံရဲ့ စည်းမျဉ်းအရ အလှူခံရင် အလကား မခံရလို့ လမ်းဘေးမှာ Tissue ရောင်းနေကြတဲ့ လူတွေဆိုတာလဲ မသန်စွမ်းတဲ့ သူနဲ့ အသက်ကြီးပြီးဖြစ်တဲ့ အဘိုးအဘွားတွေပါပဲ။ နိုင်ငံက အရှေ့တောင် အာရှရဲ့ ရှေ့ဆုံးကပြေးနေပေမဲ့ မေတ္တာငတ်နေကြတဲ့ ပင်ပင်ပန်းပန်း အလုပ်လုပ်နေကြတဲ့ သက်ကြီးရွယ်အိုတွေကတော့ သားသမီးတွေရဲ့ လျစ်လျုရှုခြင်းကြောင့် ပေးဆပ်နေကြရတယ်။ ခာတ်မှီတိုးတက်တဲ့ နိုင်ငံမှာ မကြီးပြင်းခဲ့ပေမဲ့ မေတ္တာတွေ သင်းထုံးနေတဲ့ ကိုယ့်မြန်မာနိုင်ငံမှာ မွေးဖွါးခဲ့လို့ ကံကောင်းပါသေးတယ်။ ဒါကြောင့် မြန်မာနိုင်ငံကလူတွေ သူတို့နဲ့ နှိုင်းယှဉ်ရင် သဘောကောင်းပြီး ကြင်နာတတ်ကြတယ်။

ခုနားကလဲ Facebook ပေါ်မှာ ဓါတ်ပုံတစ်ပုံတွေ့လိုက်တယ် အမေက ချွေးဒီဒီကျပြီး ကလေးကို အရှေ့မှာ တစ်ယောက်ချီ အနောက်မှာ တစ်ယောက်ကျောပိုးပြီးတော့ ပြေးနေတာ သူတို့တွေက ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေ အတောမသတ်နိုင်တဲ့ လောဘကောင်တွေကြောင့် အပြစ်မဲ့တဲ့သူတွေလဲ ဘာမှ အမှားမလုပ်ဘဲနဲ့ ဒီဝေဒနာတွေကို ခံစားနေကြရတာလဲ။ အမေ ဒီနေ့က အမေများနေ့ပါ သူတို့တွေ ဒီနေ့တစ်ရက်တော့ နားသင့်တယ်မဟုတ်လား  အမေတွေ ပင်ပန်းနေကြပြီ နားခွင့်ပေးသင့်ပါတယ် အမေရယ်...................

 

သူငယ်ချင်း

သူငယ်ချင်း
စကားတွေ အများကြီး ပြောနေမဲ့အစား
ခုလောလောဆယ် လုပ်နိုင်တာ တစ်ခုလောက်
လက်တွေ့ လုပ်ပြလိုက်စမ်းပါ

သူငယ်ချင်း
ဈေးကြီးပေးတာတွေ ၀ယ်ဝတ်မှ
Smart ကျတယ်လို့မထင်ပါနဲ့
ရှိတာကို သေသေသပ်သပ်နဲ့ ၀တ်ဆင်ပြီး
စိတ်ဓါတ်လေးသာ လှနေရင်
ဒီလောကရဲ့ အလှဘုရင်ဟာ
သူငယ်ချင်းပါကွယ်

သူငယ်ချင်း
အလုပ်ထဲက စိတ်ဖိစီးတာတွေရပြီး
အလုပ်များလို့ ကိုယ့်အလုပ်ခွင်ကို
မကျေမနပ် မဖြစ်ပါနဲ့
အရည်းအချင်းရှိပြီး သည်းခံနိုင်စွမ်းရှိတဲ့
မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ လူတစ်ယောက်ဖြစ်အောင်
ဒီအလုပ်က ပြုစုပျိုးထောင်ပေးနေတယ်ဆိုတာ မမေ့ပါနဲ့

သူငယ်ချင်း
လူတစ်ယောက် မကောင်းဘူးဆိုတာကို မင်းလက်ခံပြီးရင်
ဘာကြောင့် မင်းပါးစပ်နဲ့ နားကို
ညစ်ညမ်းစေတဲ့ သူ့ရဲ့ အတင်းကို ပြောနေ, နားထောင်နေတာလဲ
သူမှန်တယ်လို့ ထင်တဲ့လမ်းကို လျှောက်နေတာ
မသိချင်ယောင်ဆောင်နေလိုက်ပါ

သူငယ်ချင်း
မိဘအပေါ်မှာ ဘယ်တော့မှ
ကပ်စေးမနှေးနဲ့ မတွန့်တိုနဲ့ အတ္တမကြီးနဲ့ အချိန် မကြန့်ကြာစေနဲ့
မိဘဆိုတာ သားသမီးတွက် အသက်ကိုစွန့်ပြီး ပေးဆပ်ခဲ့တဲ့ လူမျိုး
အချိန်သိပ်မကျန်တော့တဲ့ သူတို့တွေ
တဖြည်းဖြည်း အသက်ကြီးလာကြပြီ
စားဝင်နိုင်တဲ့ချိန် စိတ်ချမ်းသာနိုင်တဲ့အချိန်
သုံးနိုင် ၀တ်နိုင်ချိန် ကျန်းမာရေး ကောင်းတဲ့ အချိန်တွေ
ကုန်ခမ်းလာပြီးဆိုတာ အမြဲတမ်းသတိရပေးပါ.............

Friday, December 7, 2012

မိုး

ဒီမိုးကား အေးစက်လွန်းတယ်
မှိုင်းညို့နေတဲ့ ကောင်းကင်မှာ မိုးခြိမ့်သံတွေနဲ့
ပတ်ဝန်းကျင်တစ်ခုလုံးကိုလဲ အမှောင်ချထားပါလား

သပြေသီးမှည့် ကောက်ခဲ့ဖူးတဲ့ မိုးရာသီလဲ
မသဲမကွဲနဲ့ ၀ိုးတ၀ါး ဖြစ်လာတာ
အိပ်မက်ဆန်ဆန်ပါတကား

ဘယ်လောက်ပဲ မိုးသက်လေပြင်း ကြီးပါစေ
စိုရုံကလွဲပြီး ရွံ့မပေတဲ့ ငါ့ခြေထောက်က
ဘာကတ္တာရာလမ်းမှ မရှိတဲ့
အတိတ်ကရွာထဲသို့
ခဏခဏ လှမ်းချင်နေရတာတုန်း

ဒီမိုးအောက်မှာပေါ့
စာတစ်စောင်ကြောင့် ငိုခဲ့ရတာ
ဒီမိုးထဲမှာပေါ့
သူအနားကနေ ထွက်သွားခဲ့တာ
ဒီမိုးပဲပေါ့
ငါ့နှလုံးသားကို ရေခဲရိုက်ပစ်ခဲ့တာ

မိုးရာသီက
တစ်ချို့ကို ပျော်ရွှင်စေတယ်
တစ်ချို့ကို ၀မ်းနည်းစေတယ်
တစ်ချို့ကို သတိရခြင်းတွေပေးတယ်
တစ်ချို့ကို နာကျင်ခြင်းတွေပေးတယ်
ငါ့တွက်တော့
စိတ်နှလုံး ရွှင်လန်းစေတဲ့ မိုးရာသီကို ပြန်ရဖို့
နောက်ကြောင်းပြန်လှည့်ရအုန်းမယ်..........