Pages

Wednesday, September 19, 2012

ငါ ဆိုတာလဲရှိတယ်

သဘာဝအန္တရယ်ကြောင့် အိမ်ဆုံးရှုံးသွားရတဲ့ လူတွေရှိသလို, လောင်းကစားလုပ်လို့ အိမ်ခြေမဲ့သွားတဲ့ လူတချို့လဲရှိတယ်။ 
တချို့က မိဘ ဆုံးသွားလို့ မိဘမဲ့ ဖြစ်သွားရသလို့, မိဘတွေရဲ့ စွန့်ပစ်ခြင်းခံခဲ့ရလို့ မိဘမဲ့ ဖြစ်နေတဲ့ အပြစ်ကင်းတဲ့ ချစ်စဖွယ်ကလေးငယ်တွေလဲရှိတယ်။ 
မတော်တဆမှုကြောင့် ခြေလက်မစုံတဲ့ လူတွေ ရှိသလို, မွေးကတည်းက ခြေလက် မပါဘဲ စွမ်းတဲ့ လူတွေလဲရှိတယ်။ 

အသက်အရွယ်ကြီးလာလို့ တောင်းစားနေတဲ့ လူတွေရှိသလို, တချို့က ကိုယ့်ကို အားမကိုးဘဲ သူတပါး လုပ်အားကို အရှက်မရှိဘဲ တောင်းရမ်းပြီး အသက်ရှင်နေတဲ့ လူတွေလဲရှိတယ်။ 
သားသမီး ရှိရဲ့နဲ့ ဂရုမစိုက်လို့ ပင်ပင်ပန်းပန်း အသက်မွေးနေတဲ့ မိဘတွေရှိသလို, သားသမီးဆုံးသွားလို့ မသယ်နိုင်တဲ့ ခန္ဓာကို အားတင်းပြီး အလုပ်လုပ် နေရတဲ့ သနားဖို့ကောင်းတဲ့ မိဘတွေလဲရှိတယ်။ ဟိုတယ်မှာမှ မစားရရင် လုံးဝထမင်းမစားတဲ့ သူတွေရှိသလို, တခြားတနေရာမှာ ထမင်းငတ်နေတဲ့ လူတွေလဲ တောင်ပုံရာပုံပဲ။ 

ဆင်းရဲလို့ စာမသင်နိုင်တဲ့ လူတွေရှိသလို, ချမ်းသာရဲ့သားနဲ့ ပညာကို တန်ဖိုးထားရကောင်းမှန်းမသိလို့ စာမတတ်တဲ့ လူတွေလဲ အများကြီိးပဲ။ 
ဘ၀ကို တစ်မျိုးတစ်ဖုံ အကောင်းဖက်ကို ပြောင်းပေးစေတဲ့, ကိုယ့်ကမ္ဘာကို အလင်းရောင်ပေးတဲ့ စာအုပ်တွေကို မ၀ယ်နိုင်လို့ မုန့်ဖိုးရတဲ့ ပိုက်ဆံကိုစုပြီး စာကြည့်တိုက်က စာအုပ်ငှားဖတ်တဲ့ သူတွေရှိသလို, အင်တာနက်ကနေ စာအုပ်အလကားဖတ်ဖို့ အခွင့်အရေးရှိရဲ့သားနဲ့ အဓိပ္ပါယ်မရှိတဲ့ဟာတွေနဲ့ အချိန်ဖြုန်းနေကြတဲ့ လူတွေလဲရှိတယ်။ 

IPad ကိုင်ပြီး ဘာဂါစားတဲ့ ဘ၀ကို ပိုင်ဆိုင်တဲ့ ကလေးတွေရှိသလို, ထောင့်တွေကပွန်းနေတဲ့ ကျောက်သင်ပုန်း တစ်ချပ်နဲ့ ထမင်းကြမ်းစားနေရတဲ့ ကလေးတွေလဲ အများကြီးရှိတယ်။ ပိုက်ဆံမရှိလို့ ဆေးမကုနိုင်ဘဲ သေသွားတဲ့ သူတွေရှိသလို, ရောဂါကို ငွေနဲ့ဝယ်နေတဲ့ သူတွေလဲ လက်ချိုးရေလို့ မရနိုင်လောက်အောင်ကိုရှိတယ်။ 
ဒီလမ်းကသွားရင် လိုချင်တဲ့ပန်းတိုင်ကို ရောက်မယ်ဆိုပြီး တစိုက်မတ်မတ် သွားတဲ့သူတွေရှိသလို, အောင်မြင်မှုကို ဒီလိုလုပ်ရင်ဖြစ်တယ်ဆိုတာ သိရဲ့နဲ့ ၀ီရိယနည်းတဲ့ ငပျင်း ငါဆိုတာလဲရှိတယ်........

Tuesday, September 11, 2012

အတူရှိနေတုန်း တန်ဖိုးထားပါ

               အလုပ်လုပ်ရင်း နားထဲမှာ တခုခု နားမထောင်ရရင် မနေနိုင်တဲ့ အကျင့်က ဒီအလုပ်ကို ရောက်ပြီးမှ အကျင့်တခုလို ဖြစ်လာခဲ့တယ်။ ဒီနေ့လဲ မိုးအေးအေးလေးနဲ့ YouTube ထဲကို ဟိုကလိ ဒီကလိနဲ့ ရိမ်မိုး သီချင်းလေးတွေ အမှတ်မထင် နားထောင်ဖြစ်ရင်း လူတယောက်ကို အရမ်းသတိရသွားတယ်။ ရန်ကုန်က ဘဏ်တခုမှာ အလုပ်လုပ်နေရင်း ဆင်းရဲပေမဲ့ ဘ၀ကိုကြိုးကြိုးစားစား ရုန်းကန်နေတဲ့  ရခိုင်ပြည် မာန်အောင်မြို့နယ် ရွာကလေးတစ်ရွာက လူငယ်လေး တစ်ယောက်ဆိုရင် ပိုမှန်မယ်။

             ရိမ်မိုးသီချင်းတွေ Mail ထဲကို ခဏခဏ ပို့တတ်လွန်းလို့ ရိမ်မိုး သီချင်နားထောင်ဖြစ်ရင် သူ့အကြောင်းပါ တွဲပါလာတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာပဲ လာမဲ့ 15/09/2012 ဆိုရင် သူကွယ်လွန်သွားတာ 8 လတင်းတင်း ပြည့်ပြီပဲ။ လောဘသားကောင်းတွေရဲ့ အသိဥာဏ်မရှိတဲ့ လုပ်ရပ်တွေကြာင့် အပြစ်မဲ့တဲ့ သူတွေ ဘယ်နှစ်ယောက် အသက်စတေးခဲ့ရပြီးပြီလဲ။ မသေသင့်ဘဲ သေခဲ့ရတဲ့ သူ့အကြောင်း စဉ်းစားလိုက်တိုင်း ရင်နာလို့မဆုံးဘူး။ သူတို့ရုံးကနေ စုပြီးတော့ ကျိုက်ထီးရိုးကို ဘုရားဖူးခရီးကအပြန် ရှေ့က ကားကိုကျော်တက်ရင်း ကားမှောက်ပြီးတော့ လူနှစ်ယောက် သေသွားခဲ့တယ်။ (15/01/2012)နေ့ မှာဖြစ်တဲ့ Car Accident မှာ  ဆေးရုံးကိုပို့ရင်း လမ်းပေါ်မှာပဲ သူသေဆုံးခဲ့တယ်။ ဘယ်လောက်ကံဆိုးလိုက်လဲ ဘုရားဖူးပြီး ပျော်ပျော်ပါးပါး ပြန်လာတာ ဘယ်သူတွေကများ ဒီလိုမျိုး အဖြစ်ဆိုးတွေကို မျှော်လင့်ထားမလဲ။ ကံတရားက သူ့ကိုရက်စက်လွန်းပါတယ်။

             2010 April လထဲက တရက်မှာ သူနဲ့ GTalk မှာ စတွေ့ခဲ့တယ်။ Forward Mail ထဲကနေ ရလို့ ဒီအကောက်ကို Invite လုပ်လိုက်တာပါလို့ပြောတဲ့ သူ့ကို ရခိုင်အချင်းချင်းမို့ စကားပြောဖြစ်တယ်။ အင်တာနက်ဖိုးတွေ ဈေးကြီးတဲ့ မြန်မာနိုင်ငံမှာ အွင်လှိုင်းနေ့စဉ်သုံးနိုင်မယ်ထားအုန်း တစ်လ အသုံးစရိတ်တွေပိုမှ သုံးနိုင်တဲ့ ကိုယ့်အခြေအနေမို့ သူနဲ့လဲ ပုံမှန် မတွေ့ဖြစ်ဘူး။ ဗဟုသုတဖြစ်တဲ့ စာတိုလေးတွေ, ဟာသ၀တ္ထုတိုလေးတွေ, ထူးဆန်းတဲ့ ဓါတ်ပုံတွေဖြစ်ဖြစ် သူပို့တတ်ပါတယ်။ မပါမဖြစ်ကတော့ ရိမ်မိုး သီချင်းတွေပါပဲ။ သူ Mail ပို့ရင် သူငယ်ချင်းတွေ အများကြီးပို့တတ်တဲ့ အထဲမှာ ကိုယ်လဲ တစ်ယောက်ပါဝင်ခဲ့တယ်။ သူ့ကြောင့်လဲ ရိမ်မိုးဆိုတာ အလွမ်းသီချင်းလေးတွေ အသံအေးအေးလေးနဲ့ ဆိုတတ်တဲ့ အသံကောင်းတဲ့ ယောက်ကျားလေးမှန်းသိခဲ့တာပါ။ သူမရှိတုန်း ရွာမှာကျန်ခဲ့တဲ့ ရည်းစားကို အိမ်က ယောက်ကျာ်းပေးစားလိုက်လို့ သူအသဲကွဲနေတာပါလို့လဲ ဖွင့်ပြောတတ်ပါတယ်။ မိန်းမယူဖို့နေနေသာသာ သူ့လစာနဲ့သူ ပတ်ချာလည်နေတဲ့သူ့ဘ၀ကို ချက်တင်ထဲမှာတွေ့ရင်တော့ သူညည်းတတ်ပါတယ်။ အိမ်ကိုပိုက်ဆံ ပြန်မပို့နိုင်လို့ ကိုယ့်အလုပ်ကို စိတ်ဓါတ်ကျပေမဲ့ ကိုယ်ရထားတဲ့ ၀မ်းတစ်ထွာကို ဒီဘဏ်အလုပ်ကနေ ဖြည့်ပေးတာပါတဲ့။

            အွင်လိုင်းထက်မှာ ရင်းနှီးလာပေမဲ့ အပြင်မှာ တခါမှ မတွေ့ဖူးခဲ့။ တကယ်လို့ သူနဲ့ကိုယ်သာ ဘ၀တူချင်း (မိန်းကလေး အချင်းချင်း သို့ ယောက်ကျားလေး အချင်းချင်း)သာဖြစ်ခဲ့မယ်ဆိုရင် ရခိုင်အချင်းချင်း အပြင်မှာ မတွေ့ဖြစ်တဲ့ အကြောင်းမရှိပါဘူး။ သူကလဲ မိန်းကလေးဖြစ်နေတဲ့ကိုယ့်ကို အားနာပြီးတော့ အပြင်မှာ တွေ့ခွင့်မတောင်းသလို ကိုယ်ကလဲ အွင်လိုင်းထက်မှာတွေ့တဲ့လူနဲ့ အပြင်မှာတွေ့တယ်ဆိုတာ နာမည်မကောင်း သိက္ခာကျတယ်ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်စွဲထားတဲ့သူမို့ မောင်နှမလိုမျိုး ဆက်ဆံနေတာတောင် သူသေသွားတဲ့အထိ အပြင်မှာ တစ်ခါမှ မဆုံဖူးလိုက်ဘူး။ ကိုယ့် Ferry Car လေးက အလုပ်သွားတိုင်း သူ့ရုံးနားက ဖြတ်သွားရတာနဲ့ သူ့ကို မြင်ဖူးဖို့ ရုံးတတ်တဲ့ အချိန်တူနေတာက အကြောင်းပါလာခဲ့တယ်။ အဖြူ အပြာ ရုံးဝတ်စုံလေးနဲ့ သူတို့ရုံးက ၀န်ထမ်းတွေကို အုပ်စုလိုက် လက္ဘရည်သောက်နေတာတို့, ရုံးလာနေတာတို့ကို မြင်ရရင် သူများပါလေမလားလို့ တခါတခါလဲ ရှာကြည့်မိတယ်။ သူနဲ့ကိုယ်ကြား ဓါတ်ပုံဆိုလဲ Mail ထဲကနေ သီးသန့်မပို့ဖြစ်ကြဘူး။ ဒါပေမဲ့ အရပ်သိပ်မရှည်ဘူးဆိုတဲ့ သူ့ကို GTalk Photo သေးသေးလေးတွေကို မြင်ဖူးနေကျမို့ အပြင်မှာ မြင်ဖူးရင် မှတ်မိလွယ်ပါတယ်။ ၁နှစ်အတွင်း ဆယ်ကြိမ်ထက် မပိုဘဲ အဝေးကနေ သူ့ကို ရုံးဝတ်စုံလေးနဲ့ပဲ တွေ့ဖူးခဲ့တယ်။

            ဒီလိုနဲ့ အွင်လိုင်းပေါ် တက်လိုက်ပျောက်လိုက်နဲ့ သူပို့ထားတဲ့ Mail တွေကိုတော့ အချိန်မှန်တုန်းပဲ။ နိုင်ငံခြားမထွက်ခင်လဲ ဒီမှာရှိတဲ့ သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေး ဖုန်းနံပါတ်တွေ GTalk အကောက်တွေ ရှာပေးရနဲ့ ကိုယ့်တွက် သူ့ခမျာ စိုးရိမ်ရှာပါတယ်။ ဒီကိုရောက်တော့လဲ ကိုယ့်အလုပ်နဲ့ကိုယ် မအားတာနဲ့ " နေကောင်းလား, အလုပ်အဆင်ပြေလား " ဒီလောက်နဲ့ပဲ ကိုယ်တို့ချက်တင်က ပြီးဆုံးသွားခဲ့တယ်။ "Christmas Card , Happy New Year" ကဒ်ကလေးတွေပါတဲ့ 31 Dec 2011 ကပို့ထားတဲ့ Mail ကတော့ သူ့ရဲ့ နောက်ဆုံး Mail လေးပါပဲ။ Forward Mail တွေရောက်တိုင်း အရင်ပို့နေကျ လူတယောက်ကို သတိရရင်း ကောင်းရာသုဂတိသို့ ရောက်ပါစေလို့ မကြာမကြာဆုတောင်းပေးမိတယ်။ တခါတလေ သူ့ပို့ထားတဲ့ Mail တွေ သူနဲစကားပြောဖူးတဲ့ Chatting တွေဝင်ကြည့်ရင်း ညာဖက်ထိပ်နားက ပေါ်နေတဲ့ သူနောက်ဆုံးတင်ထားခဲ့တဲ့ ပါးစပ်အပေါ်ပိုင်းထိ ရိုက်ထားတဲ့ သူ့ဓါတ်ပုံသေးသေးလေးက သက်ရှိထင်ရှား ကိုယ့်ကို ကြည့်နေသလိုပဲ။ 

        " ကွေးသောလက် မဆန့်ခင်, ဆန့်သောလက် မကွေးခင် " ဆိုတဲ့ စကားက အမှန်ပါပဲ။ မျက်တောင် တခတ်အတွင်း လုံးဝမထင်ထားတဲ့ အရာတွေ ဖြစ်တဲ့အထဲမှာ သေခြင်းတရားက အဆိုးဆုံးပေါ့။ ဒါကြောင့် သက်ရှိထင်ရှားရှိတုန်း အနားမှာရှိတဲ့ လူအားလုံးကို လေးလေးစားစား ချစ်ချစ်ခင်ခင် ဆက်ဆံပါ။ ကိုယ့်စိတ်ထဲမှာလဲ သူဖြစ်ဖြစ် ကိုယ်ဖြစ်ဖြစ် ခဏနေရင် သေတော့မယ်ဆိုတဲ့ အသိစိတ်ကလေး ထည့်ထားရင် ကြင်ကြင်နာနာနဲ့ ဆက်ဆံနိုင်သလို မကောင်းတဲ့ ကိစ္စတွေလဲ ဖြစ်မလာနိုင်ပါဘူး။ အော် အပြောင်းအလဲ မြန်လွန်းလှတဲ့ လောကကြီးရေ..........

Sunday, September 9, 2012

ဂူတာပြင် တန်းထားချေ

             အပူ အအီး မမျှတရေ ရခိုင်ပြည်မှာ အီးရေဆိုလဲ နားရွက်တိ ပြတ်ကျလားအောင်ထိ အီးပနာ ပူရေဆိုလဲ ခန်ထာမှာ အင်္ကျီတင်လို့မရအောင်ပူရေ။ ယင်းနဲ့လို့ နွီရာသီရောက်ကေ ညစာသား ထမင်းစားပြီးတိုင်း လူတိုင်းနီးပါး အိမ်ထဲမှာ မနိန်ဘဲ အီးချမ်းရာ အီးချမ်းကြောင်း လီတိုက်တေ နိန်ရာတိကို လားကတ်တေ... 

                                                       လူစည်ကားဆုံး နိန်ရာကတော့ ဂူတာပြင်တန်းထား ဖြစ်တေ။ ( ဂူတာပြင်ရပ်ကွက်စွာ ရသေ့တောင်မြို့ အရှေ့တောင်ပိုင်းထဲမှာ တည်ရှိနိန်စွာ ဂူတာပြင်ရပ်ကွက်ကို လာဖို့ဆိုကေ ယင်းတန်းထားချေကို ဖြတ်ပြီးမှ ရောက်လို့ ဂူတာပြင်တန်းထား လို့ခေါ်ပါရေ) သက်တမ်း ဇာလောက်ကြာယာလဲ မမှတ်မိ။ 

         အကျွန်သိတတ်စအရွယ်ကပင် ယင်းတန်းထားချေကို ဖြတ်နိန်ရစော် ဒေကု အကျွန့်အသက် ၂၃ထဲရောက်ပါလတ်ယာ။ အကျွန်လဲ အသက်ကြီးပါလတ်တေ ယင်းတန်းထားချေလဲ တဖြည်းဖြည်း ဟောင်းပနာ နှစ်တိကြာပါလတ်တေ။ အကျွန်လဲ နိန်မကောင်းလို့ ဆီးခန်းကို ဇာနှစ်ခါလားပစ်ယာလဲ မမှတ်မိရေပိုင် သစ်သားနဲ့ လုပ်ထားရေ ယင်းတန်းထားချေကိုလဲ ထိုနားက သစ်တခု ဆွီးလိုက် ဖာလိုက်နဲ့ နပန်းလုံးနလီရေ... 

           ညစာသား ထမင်းစားပြီးတိုင်း ကလိုင်သျှေတိ ထိုင်ပနာ လီညှင်းခံရင်း ဖြတ်လား ဖြတ်လာ မမသျှေတိကို နတ်ယောင်းကား လုပ်ကတ်တေ။ ဆလောက်သောက်တေ လူနဲ့ ရေဒီယို နားထောင်ရေ လူနဲ့, ရေဒီယိုမရှိရေ လူကလဲ မိုးလင်းက RFA မှာဇာပြောခလေ ဆိုစော်ကို တဆင့်နားထောင် နိန်ကတ်တေ အဘိုးရှင်ရို့လဲ ကလိုင်သျှေတိနဲ့ အပြိုင် ယင်းတန်းထားထက်မှာ ထိုင်နိန်ကတ်တေ... 

          တေးခြင်းဆိုရင်း ပပြုံးရရွင်နဲ့ ငါးဖမ်းပြီး နီစောင်းလို့ ပြန်လာကတ်တေ လင်မယားနှစ်ယောက် လောင်းချေလဲ ယင်း တန်းထားအောက်က အချိန်မှန် ဖြတ်လားရေ။ လင်က လောင်းလှော်ပနာ မယားသည်က ပိုက်မှာ ကပ်နိန်ရေ ငါးကို နက်ဖြန်ခါ ဈီးမှာရောင်းဖို့ ခွါနိန်စော် အာဇာနည်နဲ့ ၀ိုင်းစုခိုင်သိန်းဆိုထားရေ တေးခြင်းပိုင် လိုက်ဖက်တဲ့ဘ၀က စုံတွဲစွာ ဒေလင်မယားပဲ ဖြစ်ရဖို့..... 

           တန်းထား ညာဖက်မှာ ဆန်စက်တခုဟိရေ, ယင်းဆန်စက်ကထွက်တေ ဖွဲခွံတိကြောင့် ချောင်းရီကို ညစ်ပါတ်စီလို့ ကောင်း သဘောမကျကေလေ့ ၀မ်းရေးတွက် တစ်ဖက်က ကြည့်လိုက်တေခါ ကျေးဇူးတင်ရဖို့ ဖြစ်နိန်ရေ၊ ဇာတွက်ဆိုကေ ညစာဖက် ၇ နာရီကပင် ၁၀နာရီထိုးထိရာ ရရေ ဒေမြို့က မီးကိုအားကိုးဖို့ဆိုကေ ထမင်းတောင် ငတ်လားဖို့, ယင်းဖွဲခွံကို ဆန်စက်ထိုးရေ အချိန်မှာ ဗေါက်သာအိတ်နဲ့ ကောက်ပနာ ထမင်းချက်ရစော်.....

          တန်းထား ဘယ်ဖက်မှာ " ပုဗ္ဗာရုံမြို့မကျောင်း " သို့ "အဟြိဖက် ဘုန်းကြီးကျောင်း" တကျောင်းဟိရေ။ ယင်းကျောင်းထဲမှာ စာကြည့်တိုက် တခုရှိရေ, သောက်ရီကန်လဲ တကန်ဟိရ။ နွီရာသီ ရောက်တိုင်း ခမ်းနီကျ ဂူတာကန်ကို ပစ်ပနာ ဒေဘုန်းကြီးကျောင်းက ရီကိုခပ်ဖို့ ပြီးရရေ။ အမြဲမပြတ် မိုးကုတ်ဝိပသာနာက တရားစခန်းလဲ ယင်းကျောင်းထဲမှာ ကျင်းပလို့ ယင်းတန်းထားချေစွာ လူပြတ်တေလို့ မဟိ.....

         တန်းထားကနိန် လူတခေါ်စာ အ၀ီး ဂူတာကန်ဘောင် အောက်မှာ ကုက္ကိုလ်ပင်ကြီးတပင် ထထီးမမား ဟိနိန်ရေ။ နိန့်ခင်းသားတိုင်ကေ သက်ကြီး ရွယ်အိုတိ အပျင်းပြေ ထိုင်စကားပြောကတ်တေပိုင် ညစာသားရောက်ကေ အသျှေတိ ကစပ်နည်းမျိုးစုံနဲ့ ရရောင်းသတ်ပနာ စည်ကားနိန်ရေ... 

        ယင်းတန်းထားချေထက်မှာ ညဉ့်နက်ပါလတ်လီ ဂူတာပြင်က အဆိုတောင်သျှေတိ ဂီတာ လက်သံပြမှုက ပိုပနာကောင်းလာလီနဲ့ မပြောင်းလဲဘဲ ယင်းပုံရိပ်ချေတိစွာ ဟိနလီဖို့.....

        အကျွန်လဲ တနိန့် ယင်း ပန်းချီးကားချေကို ပြန်ပနာ အသက်သွင်းဖို့ ပြန်လာလတ်မေ ဂူတာပြင် တန်းထားချေ.............

Friday, August 31, 2012

အသိစိတ်

          လူ တော်တော်များများရေ အားလပ်ချိန်မရှိရေပိုင် စိတ်ကိုလဲ အားလပ်ချိန်မပီးကတ်ပါ။ လက်ရှိလုပ်နိန်ရေ အလုပ်ကို မစိုင်းစားဘဲ မျောက်စိတ်ပိုင် တနားတမျိုး ဖြစ်နိန်ရေ။ ယင်းနဲ့လို့ စိတ်ရှုပ်ဖို့လွယ်ရေပိုင် စိတ်ဓါတ်ကျဖို့လဲလွယ်ရေ။ စိတ်ရှင်းရှင်းဖြစ်ဖို့ လုပ်သမျှကို အသိ့စိတ်ချေနဲ့ လုပ်ဖို့လိုအပ်တေ။ Present Of Mind ဒေနိန်ရာ ဒီအချိန်မှာ ဒေစိတ်ကိုထားနိုင်ဖို့ သတိကပ်ပီးထားရပါဖို့။ စိတ်ရှင်းနိန်ကေ ဘုရားခန်းနဲ့တူရေ. ရှုပ်နိန်ရေ စိတ်က အမှိုက်တောင်းပိုင် ယင်းလူအနား တယောက်လဲ မကပ်ချင်ပါ။

         ကိုယ့်စွာကိုတောင် စိတ်ချမ်းသာအောင် မထားနိုင်ကေ တခြားလူကို ပျော်ရွှင်အောင် လုပ်ဖို့ လုံးဝမဖြစ်နိုင်ပါ။ လောကမှာ ကိုယ့်စိတ်ကို သိခြင်းစွာ အကျိုးအများဆုံး အလုပ်ဖြစ်တေ. စိတ်ကိုမထိန်းနိုင်ဘဲ အမှားလုပ်ဖို့ကြံရွယ်တိုင်း ဒေါသထွက်နိန်ရေ စိတ်ကိုသိလိုက်ခြင်းအားဖြင့် တခြားလူရော ကိုယ်တိုင်ပါ ဒုက္ခက ကင်းလွတ်နိုင်ပါရေ။ လူဆိုစော် စိတ်ဆင်းရဲစရာကို ပိုပနာစိုင်းစားရေ. ကိုယ့်ဘ၀ကို စိတ်ပျက်တေ တခြားလူဘ၀နဲ့ နှိုင်းပနာ အားငယ်ရေ။ ယပိုင်ဖြစ်နိန်ရေ အချိန်ခါ ဖြစ်နိန်ရေ စိတ်ကို တစ်ချက်ချေ အသိနဲ့ ကြည့်လိုက်ပါ အရာရာအီးချမ်းလားပါရေ။ 

        အကျွန်ဆို ဇာလောက်ဆိုးပါလဲ ပြောပြပါမေ။ စင်ကာပူက Bird Park ကိုတခါလားခီပါရေ။ ယင်းသစ်တောစွာ အင်ဒန်ချေ ကြီးပါရေ။ သစ်တောတခုလုံးနီးပါးကို ငှက်ချေတိ ထွက်မပြီးရအောင်လို့ အထက်က ဇကာတစ်ခုနဲ့ ဖုံးထားပါရေ။ ယင်း အဖုံးကို ဇာပိုင်လုပ်ထားစွာလဲ ဒေလောက်ကျယ်ကကျယ်နဲ့ လေယှဉ်ပျံနဲ့များ အထက်ကချပနာ ဖုံးလာ။ ယပိုင်အကြံက ဇာကရလေ တခြားနိုင်ငံကများရထားစွာလား။ တရား ၁၅မီနစ်ချေ ထိုင်စွာမှာ မဆီမဆိုင် ယင်းချင့်တိက အစစိုင်းစားရေ။ ယင်းခါမှာ အားးးးးးးး ငါစိုင်းစားနိန်မလားယေ ဆိုပနာ အသိချေနဲ့ ပြန်ပနာ မှတ်ရပါရေ။ ယင်းခါမှ ပြင်းပြနိန်ရေ သိချင်စိတ်တိက အီးချမ်းလားပါရေ။ 

       အကျွန်လဲ ကင်းစွန်းခူးရင်း သီပေါက်တေပိုင် အလုပ်နှစ်ခု တစ်ခါတည်းလုပ်ပလိုက်တေ။ :) အလုပ်နှစ်ခု တပြိုင်တည်းလုပ်ကေ လိုရာခရီးကို ရောက်ပါယင့် ယကလေ့သော ရောက်သင့်ရေ အချိန်မှာ မရောက်ပါလေ။ 

    တခုခုကို ကြောက်နိန်ကေ ရှောင်မပြီးပါကေ့ တတည့်ရင်ဆိုင်ပလိုက်ပါ။ လက်တွီ့လုပ်မှ ထင်သလောက် မခက် လွယ်ကူမှန်းသိလာပါရေ။ တခုကို စိတ်က ကောင်းရေလို့လဲ လက်ခံထားရေ ခန္ဓာကိုယ်က ဇာတွက် မကျင့်သုံး မလုပ်နိုင်ရစော်ပါလေမသိ။ လူစိတ် ဆိုစော်ဆန်းကြယ်ပါရေ ပစ္စည်းတခု မရနိုင်သိ့ခါ တပျင်းလိုချင်ရေ ရပြန်ကေလေ့ နောက်တခုကို ထပ်တောင်းတပနာ ရှိစွာကို တန်ဖိုးမထားတတ်ကတ်ပါ။
ယင်းနဲ့လို့ ဇာပင်လိုချင်လိုချင် ဇာလောက်ပင် သူများကို မပီးချင်ရေ စိတ်ပုတ်ဝင်ဝင် ကိုယ်ဖြစ်နိန်စွာကို အသိစိတ်ချေနဲ့ ထိန်းကတ်ပါမေ။

နာဖူးရေ တရားတော်တိက မှတ်စုချေတိကို ပြန်ပနာရီးပြထားစွာပါ။ :)

Friday, August 24, 2012

သူ

သူ့အကြောင်း စိုင်းစားမိတိုင်း 
တုန်ခါလွန်းရေ ရင်ခုန်သံက 
မနှစ်မြိုရေ သူ့အကြည့် တစ်ချက်မှာ 
ရပ်တန်းလားစီရေ... 

ဆေးလိပ်အနံကို 
ခခါးသသီးမုန်းမိရေငါ 
သူသောက်တေ စတိုင်မျိုးကိုတော့ 
သဘောကျမိယင့် ... 

လူကို မတူမတန်ရေပိုင်
စောင်းကီစောင်းကန်း သူ့အကြည့်တချို့ 
ကဗျာတစ်ခွက်ထက် 
ကဗျာဆန်နလီရေ... 

တစ်ခါတစ်ခါ ရုင်ရှင်ကြည့်ယင်း
မင်းသားနဲ့ မင်းသမီးနိန်ရာ 
သူနဲ့ ကိုယ်ဖြစ်  အရှက်မရှိ 
စိတ်ကူးယှဉ် ပလိုက်သိယင့် ... 

သူ့အထင်နဲ့ ၀က်ဝံရုပ်ကို 
တတင်းကျကျပ်ဖက် 
အိပ်မက်ထဲလဲ 
အားဓမ္မထည့် မက်ပလိုက်ယင့် .... 

သူ 
နိန်ရာတကာ သူ့ အရိပ်တိနဲ့ 
ငါ့ကမ္ဘာကို လွှမ်းမိုးထားနိန်ရေ...

Thursday, August 23, 2012

"ကာလာစုံ အချစ်"

နီပူ မိုးရွာ မရှောင် 
လာကဓံကို ရင်ဆိုင်ပနာ 
တစ်ယောက်ကို တစ်ယောက် ကူညီဖေးမ၇င်း
လလေးစစား နဲ့ မြတ်နိုးကတ်တုန်း ... 
 
သူ့အမှား ကိုယ့်အမှား 
ကိုယ်ချင်းစာပနာ သည်းခံရင်း 
အသက်အရွယ် ကြီးလာစွာနန့် အမျှ 
အချစ်တိလဲ ပိုကြီးပါလတ်တေ... 

ဆံပင် အသားအေ၇တိ 
အရောင်နွမ်းလာကေတောင် 
နားလည်မှုနဲ့တည်ဆောက်ထားရေ 
ငါရို့ နှစ်ယောက် အချစ်က 
ကာလာတိ ပိုစုံပါလတ်တေ...

Wednesday, August 1, 2012

ဟောင်ကောင်သူဌေးကြီး လီကာရှင်း၏ မှတ်သားဖွယ် စကားကြီးများ

Quotes from Li Ka Shing (1) ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ၊ facebook ပေါ်မှာshare နေကြတာ တွေ့ဖန်များတော့ မြန်မာလိုပြန်ရေးချင်စိတ်ပေါက်ပြီး ပြန်ရေးထားတာတွေပါ။ ပြောသာပြောရတယ်၊ တကယ့် လီကာရှင်းစစ်စစ်ကြီးက facebook ပေါ်မှာ ဇိမ်ပြေနပြေ ထိုင်ရေးတာလား ဆိုတာ သံသယဖြစ်မိပါတယ်၊ သူ့ကိုချစ်တဲ့သူ တစ်ယောက်ယောက်က ရေးတင်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ၊ ဘာပဲဖြစ်ဖြစ်၊ သဘောကျမိတဲ့ စကားစုလေးတွေကို ရွေးတင်လိုက်ပါတယ်။

၂၀-၈၀ နိယာမ 
လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။

တတိယ ၈ နာရီ 
ဘုရားသခင်က လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။ ပထမ ၈ နာရီမှာ လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေအိပ်ကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။

လမ်းနှစ်လမ်း 
လူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။ မလျှောက်မနေ လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်မယ်။

တခါသုံးယုံကြည်မှု 
ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့် နဂိုအတိုင်းပြန်မဖြစ်တော့ဘူး။

 နောင်တ
နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ မင်းကိုပိုပြီးစိတ်ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေမဟုတ်ဘူး၊ မင်းမလုပ်လိုက်ရတဲ့ကိစ္စတွေပဲ။

နေရာ
အအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ရောင်းတယ်၊ ဟိုတယ်မှာ ၃၀ နဲ့ရောင်းတယ်။ လူတစ်ယောက်ရဲ့တန်ဘိုးဟာလည်း သူရောက်နေတဲ့နေရာပေါ်မှာပဲမူတည်တယ်။

သမာဓိ 
စကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊ ပြောလိုက်ပြီဆိုရင်တော့ မင်းဟာသူ့ရဲ့ကျွန်ဖြစ်သွားပြီ။

 ရွေးချယ်မှု
နောက်ဆုံးတော့လည်း မင်းဘာကိုယုံရင်ဘာဖြစ်တာပဲ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်၊ တစ်ခုက ခေါင်းမာတာ၊ နောက်တစ်ခုက ကြိုးစားတာ။ ကြိုးစားတဲ့ကောင်က သူ့ကိုသူပြောင်းလဲပစ်တယ်၊ ခေါင်းမာတဲ့ကောင်က သူ့ကံကိုသူပြောင်းလဲပစ်တယ်။

မနာလိုခြင်းနှင့် အားကျခြင်း
သူများတွေထက်မဆိုစလောက် သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ သူတို့တွေထက်အဆပေါင်းများစွာ သာသွားတဲ့အခါ မင်းကိုအားကျကြလိမ့်မယ်။

နောက်ဆုံးအပြုံး
ဘယ်သူ့ကိုမှမယှဉ်နိုင်ဘူးလို့ထင်တဲ့အခါ အားမငယ်ပါနဲ့၊ မင်းဟာသာမန်လူတစ်ယောက်ဆိုတာလည်း သတိရပါ။ သူများတကာရယ်မောနေတာတွေ့ရင်လည်း တကမ္ဘာလုံးမှာ မင်းတစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေတယ်မထင်ပါနဲ့၊ တကယ်တော့ သူများတွေက မင်းထက်ပိုပြီး ဟန်လုပ်တတ်လို့ပဲ။ အကူအညီမဲ့နေတဲ့အခါ မင်းငိုချင်ငိုလိုက်ပါ၊ သို့သော် ငိုပြီးရင်တော့ ပြန်ပြီးနိုးကြားတက်ကြွလာရမယ်၊ အရာရာကိုလက်လွှတ်ဆုံးရှုံးပစေဦးတော့၊ မင်းရဲ့အပြုံးလေးကိုတော့ ရှုံးမသွားပါစေနဲ့။

ပူပင်သောက
လူတစ်ယောက်ရဲ့ ပူပင်သောကတွေကနေ သူ့ရဲ့စိတ်နေသဘောထား အတိုင်းအဆနဲ့ အနာဂတ်အောင်မြင်မှုရဲ့ အတိမ်အနက်ကို မှန်းဆလို့ရတယ်။ တနည်းအားဖြင့်၊ ပြဿနာအသေးလေးတွေဟာ အချိန်ကုန်ခံပြီး ပူပန်နေစရာမလိုဘူး၊ တကယ့်ကြီးမားတဲ့ ကိစ္စတွေကျပြန်တော့ ပူနေရုံနဲ့လည်း အကျိုးမရှိဘူး။ အချိန်တိုတိုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းရှိရင် အရာရာတိုင်းဟာ မိုးတွေထန်ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ ရာသီဥတုလို သာယာနေမှာပါပဲ။

အောင်မြင်မှုနှင့် တိုးတက်မှု
မင်းမအောင်မြင်လို့ရတယ်၊ သို့သော်မတိုးတက်လို့မရဘူး။ မင်းရဲ့အောင်မြင်မှုကိုကဖျက်ကယက်လုပ်မယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ မင်းတိုးတက်တာကိုတော့ ဘယ်သူမှကာဆီးကာဆီးလုပ်မှာမဟုတ်ဘူး။

ဖိအားနှင့် တွန်းအား
အပြင်ကသက်ရောက်တဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥဟာ အစာတစ်လုပ်ဖြစ်သွားပေမယ့် အတွင်းကနေရုန်းထွက်လာတဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥကျတော့ အသက်တစ်ချောင်း ဖြစ်လာစေတယ်။ လူ့ဘဝဆိုတာလည်းအဲလိုပါပဲ၊ အပြင်ကလာတဲ့အားတွေက ဖိအားတွေဖြစ်ပြီး အတွင်းကနေ ဖြစ်တည်လာတဲ့အားတွေက ကြီးပြင်းရှင်သန်မှုပါ။ ပြင်ပကအားတွေနဲ့ အခွဲခံဖို့ပဲ ထိုင်စောင့်နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ် ဖြစ်သွားမှာမလွဲပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး အတွင်းကနေ ဖောက်ထွက်နိုင်ရင်တော့ ကိုယ့်ရဲ့ရှင်သန်ကြီးပြင်းခြင်းဟာ အသက်တစ်ချောင်း အသစ်တဖန် ပြန်လည်မွေးဖွားလာတာနဲ့ တူတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

Ps: လက်တွေ့ကျင့်ကြည့်ဖို့တော့ လိုအပ်ပါလိမ့်မယ်...

Forward Email ကနိန်ပနာ သဘောကျလို့ ကူးယူထားစွာပါ။