Pages

Friday, December 7, 2012

မိုး

ဒီမိုးကား အေးစက်လွန်းတယ်
မှိုင်းညို့နေတဲ့ ကောင်းကင်မှာ မိုးခြိမ့်သံတွေနဲ့
ပတ်ဝန်းကျင်တစ်ခုလုံးကိုလဲ အမှောင်ချထားပါလား

သပြေသီးမှည့် ကောက်ခဲ့ဖူးတဲ့ မိုးရာသီလဲ
မသဲမကွဲနဲ့ ၀ိုးတ၀ါး ဖြစ်လာတာ
အိပ်မက်ဆန်ဆန်ပါတကား

ဘယ်လောက်ပဲ မိုးသက်လေပြင်း ကြီးပါစေ
စိုရုံကလွဲပြီး ရွံ့မပေတဲ့ ငါ့ခြေထောက်က
ဘာကတ္တာရာလမ်းမှ မရှိတဲ့
အတိတ်ကရွာထဲသို့
ခဏခဏ လှမ်းချင်နေရတာတုန်း

ဒီမိုးအောက်မှာပေါ့
စာတစ်စောင်ကြောင့် ငိုခဲ့ရတာ
ဒီမိုးထဲမှာပေါ့
သူအနားကနေ ထွက်သွားခဲ့တာ
ဒီမိုးပဲပေါ့
ငါ့နှလုံးသားကို ရေခဲရိုက်ပစ်ခဲ့တာ

မိုးရာသီက
တစ်ချို့ကို ပျော်ရွှင်စေတယ်
တစ်ချို့ကို ၀မ်းနည်းစေတယ်
တစ်ချို့ကို သတိရခြင်းတွေပေးတယ်
တစ်ချို့ကို နာကျင်ခြင်းတွေပေးတယ်
ငါ့တွက်တော့
စိတ်နှလုံး ရွှင်လန်းစေတဲ့ မိုးရာသီကို ပြန်ရဖို့
နောက်ကြောင်းပြန်လှည့်ရအုန်းမယ်..........






 

Tuesday, November 27, 2012

မျှော်မိတာ သူပါပဲ




သစ်ရွက်ခြောက်တွေ တဖြောက်ဖြောက်နဲ့
တိတ်ဆိတ်ခြင်းကိုများ အသက်သွင်းနေသလား .....

အဖော်မစုံ တစ်ကိုယ်တည်း 
ကားဂိတ်လေးတောင် သွေ့ခြောက်ခြောက်နိုင်ပ.....

နေ့တိုင်းလျှောက်တာ ဒီလမ်းပါပဲ
အချိန်တိုင်း မျှော်မိတာလဲ သူ့ပုံရိပ်ပါပဲ.....

ပုန်းကွယ်နေသူတစ်ယောက်ရဲ့ သဲလွန်စ
ရှာဖို့ခက်လွန်းတယ်လေ.....

အသစ်တဖန်ပြန်စဖို့ ဆုမတောင်းပါဘူး
အရင်လိုခံစားချက် ပြောင်းမသွားတာကသာ ခက်တာ.....

နေလို့ထိုင်လို့ကောင်းတဲ့ လောကကြီးတစ်ခု ပိုင်ဆိုင်ဖို့
အနားမှာ နင်တစ်ယောက်ရှိနေဖို့ လိုသေးတယ်.....

သမုဒ္ဒရာ ၀မ်းတစ်ထွာကို ဖြည့်ဖို့ လွယ်ကူခဲ့ပေမဲ့
နှလုံးသားကွက်လပ် ဖြည့်ဖို့ ခက်ခဲပါတကား.....



Friday, November 16, 2012

နောက်ကွယ်က နေသူများ

ရေတိုက်စားဖို့တွက်
   ကမ်းပါးတွေ ပြိုပေးရတယ်
မိုးရွာဖို့တွက်
   တိမ်တွေ မည်းမှောင်ပေးရတယ်
ရေခဲတောင်ကြီးဖြစ်ဖို့တွက်
   နှင်းတွေ ငိုပေးရတယ်

စောင့်နေရဆဲ ဘူတာရုံကြီး ရှိဖို့တွက်
   ရထားတွေ ထွက်ခွါပေးရတယ်
ဆောင်းရာသီ ရောက်ဖို့တွက်
   သစ်ရွက်တွေ ကြွေပေးရတယ်
နွေရာသီကို ဖော်ကျူးဖို့
   အလွမ်းငှက်ငယ် ဥသြလေးတွေ သီကြူးပေးရတယ်

ညအမှောင်ဖြစ်ဖို့
   နေလုံးကြီးဝင်ပေးရတယ်
ကြယ်လေးတွေ တောက်ပဖို့
   လမင်းကြီး ကွယ်ပေးရတယ်
လွမ်းဆွတ်ခြင်းကို စားသုံးဖို့
   အသည်းကွဲပေးရတယ်

ဘ၀ကို နားလည်ဖို့
   သမိုင်းက နာကျင်ပေးရတယ်
လူကောင်းဖြစ်ဖို့
   လူတစ်ချို.က မိုက်ပေးရတယ်
ဇာတ်ဆောင်ဖြစ်ဖို့
   တစ်ချို့က ဇာတ်ရန်နေရာက သရုပ်ဆောင်ပေးရတယ်

မျက်ရည်ကျဖို့
   ခံစားချက်တစ်မျိုး မွေးထုတ်ပေးရတယ်
သင်္ချိုင်းကုန်းဖြစ်လာဖို့
   လူတွေ သေပေးရတယ်
နောင်တ ဖြစ်လာဖို့
   စိတ်ညစ်စရာတွေ လုပ်ပေးရတယ်

ဆရာဝန် ဖြစ်လာဖို့
   လူတွေ နာပေးရတယ်
ငါးမြှားခြင်းနဲ့ လူတွေ အပန်းဖြေဖို့
   ငါးတွေ သေပေးရတယ်
Zoo ဖြစ်လာဖို့
   တိရစ္ဆာန်တွေကို ထောင်ချပေးရတယ်

လက်ဝှဲ့ပွဲ တစ်ခုဖြစ်လာဖို့
   လူသားအချင်းချင်း ထိုးကြိတ်ပေးရတယ်
မဆုံနိုင်တဲ့ ကံကြမ္မာ ဖြစ်လာဖို့
   ငါတို့တွေ ဝေးကွာပေးရတယ်
သမုဒ္ဒရာ ဖြစ်လာဖို့
   ချောင်းတွေ အဖြာဖြာ စီးဆင်းပေးရတယ်...
 

Thursday, November 15, 2012

တခမ်းတနား မရှိပါဘူး
မှိတ်တုတ်မှိတ်တုတ်
ကြယ်တစ်ပွင့်လောက်များ တွေ့မလား
အခန်းကိုမီးပိတ်
လျှပ်စီးမီးတွေ ရောင်ပြန်ဟပ်နေတဲ့
ကောင်းကင်မှာ ရှာမိပါရဲ့

တစ်ချိန်တုန်းကပေါ့
ဖယောင်းတိုင်မီး ၀ိုးတ၀ါးနဲ့
ဘာရုပ်သံမှ မရှိတဲ့ အိပ်ခန်းထဲ
အတွေးတွေ နယ်ချဲ့ဖို့
ဟိုးအဝေးကနေ ပျံလွင့်လာတဲ့ မယ်ဒလင်နဲ့
ဆွေးဆွေးမြေ့မြေ့ သီချင်းသံက
ပံ့ပို့နေတဲ့အလား

တိတ်ဆိတ်လွန်းတဲ့ ညဉ့်နက်ထဲ
အထီးကျန်တဲ့ ပတ်ဝန်းကျင်ကို
စံပါယ်ပန်း ရနံ့လေးက
ခဏခဏ လာကျီစယ်နေသလိုပဲ


ချိုမြိန်မှုကို တောင့်တ
ခါးသီးလွန်းတဲ့ အိပ်မက်ရှည်ကိုမက်ရင်း
လန့်နိုးမိတာ ညပေါင်းများစွာပါပဲလေ..........

 

Monday, November 12, 2012

ဘယ်တော့မှ မပြည့်တဲ့ အိုး


ဘယ်ကတည်းက ပေါက်နေတာ မသိတဲ့ အိုးတစ်လုံး ငါဖာထေးနိုင်ခဲ့တယ်။
အဲဒီ့အိုးကိုဖြည့်ဖို့ တဖြည်းဖြည်းနဲ့ ကြိုးစားခဲ့ရတယ်။
သုံးပုံ တစ်ပုံလောက်ရောက်တာနဲ့ လူတစ်ယောက်က လာပြီး ယူသုံးပလိုက်တယ်။

နောက်ထပ် တဖန်ကြိုးစားပြီး ဖြည့်ခဲ့ပြန်တယ် နောက်တစ်ယောက်လာပြီး ဘေးကနေ ဖောက်ပလိုက်ပြန်တယ်။
ပြန့်မဖြည့်ခင် ငါနောက်တစ်ခေါက် ဖာခဲ့ရပြန်တယ်။
ဒီလိုမျိုး အိုးပြည့်လုနီးပါး ဖြည့်နိုင်အောင် အပတ်တကုတ် ရုန်းကန်ခဲ့ရတယ်။
လာပြန်ပြီ နောက်ထပ်တစ်ယောက် ခပ်ယူသုံးပလိုက်ပြန်တယ်။

စိတ်တွေရှုပ်လာတယ် ငါကြိုးစားသလောက် ထပ်တူရခဲ့တယ်။
ဒါပေမဲ့ မသုံးဘဲနဲ့ ကုန်ဆုံးခဲ့ရတယ်။
အော်ပလိုက်ချင်တယ် ဒါပေမဲ့ ငါမလုပ်ဝံ့ဘူး
ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ငါခုလိုမျိုး ကြီးပြင်းလာအောင် ပြုစု စောက်ရှောက်ခဲ့ကြတဲ့ မိသားစုဝင်တွေ ဖြစ်နေလို့ပဲ...

ငါအောက်ခြေမှာ ရှိတုန်းကလဲ ငါ့အနောက်ကနေ ၀ိုင်းပြီး အားပေး ကူညီကြတယ်
ငါ အပေါ်ရောက်တော့ သူ့တို့တွေ ငါ့ကို မအားကိုးရင် မိသားစုဆိုတာ ဖြစ်လာစရာ အကြောင်းမရှိဘူးဆိုတာ သိလာတယ်။
အော် ဒီအိုးလဲ ဒီတစ်သက် ဘယ်လောက် ဖြည့်ဖြည့် မပြည့်မဲ့အိုးဆိုတာ တဖြည်းဖြည်းနားလည်လာတယ်...

အနားမှာ မောင် ရှိနေဆဲပါ

မောင်
ဒီနေ့ ခရေပန်းတွေကြွေတာ
အပင်အောက်မှာ ခြေချစရာတောင်မရှိဘူး
မောင်ထွက်သွားကတည်းက
ဒီတစ်ရာသီနဲ့ဆိုရင် ခုနှစ်ကြိမ်မြောက် ပန်းပွင့်ခြင်းပဲ

မောင်စာသင်ပေးခဲ့တဲ့
အိမ်ရှေ့က ကောင်လေးတောင်
ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ဖို့ဆိုပြီး
မနေ့ကပဲ မြို့ကို သူ့အဖေနဲ့ပါသွားလေရဲ့

မောင် ကောက်ယူပြီး
ပြုစုခဲ့တဲ့ ခွေးမလေးတောင်
ခွေးထီးလေး တစ်ကောင်မွေးထားတာ ချစ်စရာလေး
မောင်ဆိုရင် အရမ်းချစ်မှာ

ဒီနှစ်လဲ ကိုယ့်ရပ်ကွက်က
မောင်တို့တူးခဲ့တဲ့ သောက်ရေကန်
နွေရာသီတောင်မရောက်သေးဘူး ရေခမ်းလို့
အခုကတည်းက ဟိုဘက်ရပ်ကွက်က
သောက်ရေကန်ကို မျက်စောင်းထိုးနေရပြီ
နွေပူခေါင်ခေါင် ရေအိုးရွက်ရကိန်းကိုတော့
နှစ်တိုင်း ပြေးမလွတ်ကြဘူး မောင်

မောင့်ကိုချစ်တဲ့
အိမ်ဘေးက အဘွားလဲ
အသက်ကြီးလာလို့ ဘာမှမမှတ်မိတော့ဘူး
မောင့်ကိုပဲ ခဏခဏမေးနေတယ်

ကတ္တရာမခင်းနှိင်သေးတဲ့
အိမ်ရှေ့က ရွံတွေနဲ့ လမ်းမကို
မိုးရာသီရောက်ရင် လမ်းခင်းဖို့
လုပ်အားပေးမဲ့ ယောက်ကျားသား
ဒီအိမ်ကနေ မကူညီနိုင်တာ
မောင်ထွက်သွားကတည်းကပဲ

မောင့်လို နောက်ကျမှသိခဲ့တဲ့
ကင်ဆာရောဂါဖြစ်မှာစိုးလို့
နေမကောင်းဖြစ်ရင် တိုက်တွန်းစရာမလိုဘဲ
ဒီကလူတွေ ဆေးခန်းကိုပြေးနေကြရဲ့

မောင့်တူမလေးလဲ
ငှက်ဖျားပိုး ဦးနှောက်ထဲဝင်ပြီး
မောင့်နောက်ကို လိုက်သွားတာ
ရှေ့ဆင့် နောက်ဆင့်ပါပဲ

အရာရာတိုင်းကတော့ ပြောင်းလဲ နေတာပါပဲ
ဒါပေမဲ့ မောင့်အငွေ့အသက်တွေ
အနားမှာ ပျားပိတုန်းကောင်တွေလိုမျိုး
တ၀ဲဝဲလည်နေသလို
နေရာတကာ မောင့်ပုံရိပ်တွေပါပဲလေ.....






Sunday, November 11, 2012

ကိန်းသာ (ခေါ်) ရသေ့တောင်မြို့




ဒီမြို့လေးမှာပဲ ငါ့ကိုမွေးခဲ့တာ
အဝေးကကြည့်ရင်
စိမ်းညို့နေတဲ့ တောင်တန်းပေါ်မှာ
စေတီဖြူဖြူလေးတွေနဲ့
မေယူမြစ်ရဲ့ ဘေးမှာရှိနေတာ

 
ငါကြီးပြင်းခဲ့တဲ့ နေရာ
တောင်တန်းတွေရဲ့ အလယ်မှာ တည်ရှိနေတာ
အေးချမ်းတဲ့မြို့လေး
နာမည်ကြီးတဲ့ အရာတွေမရှိပေမဲ့
ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတဲ့
ကိန်းသာဆိုတဲ့ ရသေ့တောင်မြို့လေးပေါ့
 
အရင်ကလူတွေ သိပ်မသိပါဘူး
ဒါပေမဲ့ ဘင်္ဂလီကုလားတွေကြောင့်
အရင်လို ကျိုက်ထီးရိုးနားက ရသေ့တောင်လို့
ရှင်းပြစရာမလိုပဲ
ရခိုင်က ရသေ့တောင်ဆိုရင်
မြန်မာတစ်နိုင်ငံလုံးသိပ
ဘေးအန္ဒာရယ် ကင်းပါစေ
ငါ့မြို့လေးရယ်