Pages

Friday, January 25, 2013

အမေများနေ့

ဒီနေ့ ပြာသိုလပြည့် ( 26 Jan 2013: Sat ) အမေများနေ့တဲ့ ။ ဒီကမ္ဘာမှာ ရှိတဲ့ အမေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ။

အမှန်ပြောရရင် February 14 ကျတော့ သိပြီးတော့ အမေများနေ့ဆိုတာ Facebook ကလူတွေရဲ့ Status ကြောင့် သိတာ မဟုတ်ရင် မေ့နေအုန်းမှာ။ ဘယ်လောက် လိမ္မာ သိတတ်တဲ့ သမီးလဲ ရှက်ဖို့တောင် ကောင်းတယ်။ မနေ့က အမေပို့လိုက်တဲ့ လူကြုံပစ္စည်းကို အလုပ်ကပြန်တာနဲ့ သွားယူတော့ ည ၈နာရီတောင်ထိုးတော့မယ်။ ကောင်းကင်မှာ လသာနေလိုက်တာ စိတ်ချမ်းသာဖို့ကောင်းတယ်။ ဒါပေမဲ့ လပြည်ရဲ့ အရသာကို ဒီကလူတွေ မသိကြဘူး အမေ။ မီးထိန်ထိန်လင်းနေတဲ့ ဒီနိုင်ငံမှာ လရဲ့ အလင်းရောင်ကို သူတို့တွေ သတိမထားမိတာ အဆန်းတော့ မဟုတ်ပါဘူးလေ။

အမေ အလုပ်ထဲမှာ Manager တစ်ယောက်ရှိတယ်။ သူက ကိုယ်နဲ့ Department မတူဘူး။ တနေ့ အလုပ်ထဲမှာ သူ့ဆီက အော်သံကြားလို့ လန့်ဖြန့်ပြီးတော့ သွားကြည့်တာ သူက ဖုန်းပြောရင်း တစ်ဖက်ကလူကို အော်ငေါက်နေတာ။ ဖုန်းပြောလို့ပြီးတော့ အဆင်ပြေရဲ့လားလို့ သွားမေးလိုက်တာ အဆင်မပြေဘူးတဲ့။ ဘာလို့ဆိုတော့ သူ့အမေက သူ့သားလေးကို အခန်းထဲကနေပြီးတော့ ပစ္စည်းတွေ ကိုင်လို့ဆိုပြီး ရိုက်ထုတ်လိုက်တာ ကလေးက တအားငိုနေတယ်တဲ့ , ပြီးတော့ ပြောသေးတယ် ငါက ငါ့သားနဲ့ ပက်သက်လာရင် လူသတ်ဖို့လဲ ၀န်မလေးဘူးတဲ့။ အမေရယ် ကြောက်စရာကြီး သူ့အမေကို သူက အေးလိုမျိုးပြောတာ။ အရမ်းပြောလိုက်ချင်တဲ့ စကားတခွန်း " အဲဒါနင့်အမေလေ " ဆိုပြီး လျာဖျားပေါ်မှာ တင်နေခဲ့တယ်။ သူ့ကို မွေးထားတဲ့ အမေကို သူမေ့ပြီးတော့ သူမွေးထားတဲ့ သားကိုကျ ချစ်လိုက်တာ တုန်နေတယ်။ ဒါဆိုရင် သူက မိခင်ကောင်းဖြစ်ပြီး သမီးဆိုးလား အမေ။ သမီးတော့ မိခင်ကောင်းလို့ မထင်ဘူး။ မိခင်ကောင်းဆိုတာ သားသမီးကို အမှန်ဘက်က ရပ်တည်နိုင်အောင် လူကြီးတွေကို ရိုသေ ကိုင်ရှိုင်းတတ်အောင် ဆုံးမ တတ်ရမယ်။

လောကကြီးမှာ ကံကောင်းတဲ့ အမေရှိသလို ကံဆိုးတဲ့ အမေလဲ ရှိတယ် အမေရေ။ နိုင်ငံဘယ်လောက် ကြီးကြီး သားသမီးတွေသာ ဂရုမစိုက်ရင် အမေဆိုတာ မွေးဖူးတယ်ဆိုတာ လောက်ပါဘဲလေ။ စင်ကာပူဆိုတာ အာရှကျားတဲ့ အမေ ဒါပေမဲ့ စားသောက်ဆိုင်တွေမှာ သန့်ရှင်းရေး လုပ်နေတဲ့ လူတွေကတော့ အကုန်လုံး အသက် 60ကျော် အရွယ်တွေချည်းပါပဲ။ ဒီနိုင်ငံရဲ့ စည်းမျဉ်းအရ အလှူခံရင် အလကား မခံရလို့ လမ်းဘေးမှာ Tissue ရောင်းနေကြတဲ့ လူတွေဆိုတာလဲ မသန်စွမ်းတဲ့ သူနဲ့ အသက်ကြီးပြီးဖြစ်တဲ့ အဘိုးအဘွားတွေပါပဲ။ နိုင်ငံက အရှေ့တောင် အာရှရဲ့ ရှေ့ဆုံးကပြေးနေပေမဲ့ မေတ္တာငတ်နေကြတဲ့ ပင်ပင်ပန်းပန်း အလုပ်လုပ်နေကြတဲ့ သက်ကြီးရွယ်အိုတွေကတော့ သားသမီးတွေရဲ့ လျစ်လျုရှုခြင်းကြောင့် ပေးဆပ်နေကြရတယ်။ ခာတ်မှီတိုးတက်တဲ့ နိုင်ငံမှာ မကြီးပြင်းခဲ့ပေမဲ့ မေတ္တာတွေ သင်းထုံးနေတဲ့ ကိုယ့်မြန်မာနိုင်ငံမှာ မွေးဖွါးခဲ့လို့ ကံကောင်းပါသေးတယ်။ ဒါကြောင့် မြန်မာနိုင်ငံကလူတွေ သူတို့နဲ့ နှိုင်းယှဉ်ရင် သဘောကောင်းပြီး ကြင်နာတတ်ကြတယ်။

ခုနားကလဲ Facebook ပေါ်မှာ ဓါတ်ပုံတစ်ပုံတွေ့လိုက်တယ် အမေက ချွေးဒီဒီကျပြီး ကလေးကို အရှေ့မှာ တစ်ယောက်ချီ အနောက်မှာ တစ်ယောက်ကျောပိုးပြီးတော့ ပြေးနေတာ သူတို့တွေက ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေ အတောမသတ်နိုင်တဲ့ လောဘကောင်တွေကြောင့် အပြစ်မဲ့တဲ့သူတွေလဲ ဘာမှ အမှားမလုပ်ဘဲနဲ့ ဒီဝေဒနာတွေကို ခံစားနေကြရတာလဲ။ အမေ ဒီနေ့က အမေများနေ့ပါ သူတို့တွေ ဒီနေ့တစ်ရက်တော့ နားသင့်တယ်မဟုတ်လား  အမေတွေ ပင်ပန်းနေကြပြီ နားခွင့်ပေးသင့်ပါတယ် အမေရယ်...................

 

သူငယ်ချင်း

သူငယ်ချင်း
စကားတွေ အများကြီး ပြောနေမဲ့အစား
ခုလောလောဆယ် လုပ်နိုင်တာ တစ်ခုလောက်
လက်တွေ့ လုပ်ပြလိုက်စမ်းပါ

သူငယ်ချင်း
ဈေးကြီးပေးတာတွေ ၀ယ်ဝတ်မှ
Smart ကျတယ်လို့မထင်ပါနဲ့
ရှိတာကို သေသေသပ်သပ်နဲ့ ၀တ်ဆင်ပြီး
စိတ်ဓါတ်လေးသာ လှနေရင်
ဒီလောကရဲ့ အလှဘုရင်ဟာ
သူငယ်ချင်းပါကွယ်

သူငယ်ချင်း
အလုပ်ထဲက စိတ်ဖိစီးတာတွေရပြီး
အလုပ်များလို့ ကိုယ့်အလုပ်ခွင်ကို
မကျေမနပ် မဖြစ်ပါနဲ့
အရည်းအချင်းရှိပြီး သည်းခံနိုင်စွမ်းရှိတဲ့
မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ လူတစ်ယောက်ဖြစ်အောင်
ဒီအလုပ်က ပြုစုပျိုးထောင်ပေးနေတယ်ဆိုတာ မမေ့ပါနဲ့

သူငယ်ချင်း
လူတစ်ယောက် မကောင်းဘူးဆိုတာကို မင်းလက်ခံပြီးရင်
ဘာကြောင့် မင်းပါးစပ်နဲ့ နားကို
ညစ်ညမ်းစေတဲ့ သူ့ရဲ့ အတင်းကို ပြောနေ, နားထောင်နေတာလဲ
သူမှန်တယ်လို့ ထင်တဲ့လမ်းကို လျှောက်နေတာ
မသိချင်ယောင်ဆောင်နေလိုက်ပါ

သူငယ်ချင်း
မိဘအပေါ်မှာ ဘယ်တော့မှ
ကပ်စေးမနှေးနဲ့ မတွန့်တိုနဲ့ အတ္တမကြီးနဲ့ အချိန် မကြန့်ကြာစေနဲ့
မိဘဆိုတာ သားသမီးတွက် အသက်ကိုစွန့်ပြီး ပေးဆပ်ခဲ့တဲ့ လူမျိုး
အချိန်သိပ်မကျန်တော့တဲ့ သူတို့တွေ
တဖြည်းဖြည်း အသက်ကြီးလာကြပြီ
စားဝင်နိုင်တဲ့ချိန် စိတ်ချမ်းသာနိုင်တဲ့အချိန်
သုံးနိုင် ၀တ်နိုင်ချိန် ကျန်းမာရေး ကောင်းတဲ့ အချိန်တွေ
ကုန်ခမ်းလာပြီးဆိုတာ အမြဲတမ်းသတိရပေးပါ.............

Friday, December 7, 2012

မိုး

ဒီမိုးကား အေးစက်လွန်းတယ်
မှိုင်းညို့နေတဲ့ ကောင်းကင်မှာ မိုးခြိမ့်သံတွေနဲ့
ပတ်ဝန်းကျင်တစ်ခုလုံးကိုလဲ အမှောင်ချထားပါလား

သပြေသီးမှည့် ကောက်ခဲ့ဖူးတဲ့ မိုးရာသီလဲ
မသဲမကွဲနဲ့ ၀ိုးတ၀ါး ဖြစ်လာတာ
အိပ်မက်ဆန်ဆန်ပါတကား

ဘယ်လောက်ပဲ မိုးသက်လေပြင်း ကြီးပါစေ
စိုရုံကလွဲပြီး ရွံ့မပေတဲ့ ငါ့ခြေထောက်က
ဘာကတ္တာရာလမ်းမှ မရှိတဲ့
အတိတ်ကရွာထဲသို့
ခဏခဏ လှမ်းချင်နေရတာတုန်း

ဒီမိုးအောက်မှာပေါ့
စာတစ်စောင်ကြောင့် ငိုခဲ့ရတာ
ဒီမိုးထဲမှာပေါ့
သူအနားကနေ ထွက်သွားခဲ့တာ
ဒီမိုးပဲပေါ့
ငါ့နှလုံးသားကို ရေခဲရိုက်ပစ်ခဲ့တာ

မိုးရာသီက
တစ်ချို့ကို ပျော်ရွှင်စေတယ်
တစ်ချို့ကို ၀မ်းနည်းစေတယ်
တစ်ချို့ကို သတိရခြင်းတွေပေးတယ်
တစ်ချို့ကို နာကျင်ခြင်းတွေပေးတယ်
ငါ့တွက်တော့
စိတ်နှလုံး ရွှင်လန်းစေတဲ့ မိုးရာသီကို ပြန်ရဖို့
နောက်ကြောင်းပြန်လှည့်ရအုန်းမယ်..........






 

Tuesday, November 27, 2012

မျှော်မိတာ သူပါပဲ




သစ်ရွက်ခြောက်တွေ တဖြောက်ဖြောက်နဲ့
တိတ်ဆိတ်ခြင်းကိုများ အသက်သွင်းနေသလား .....

အဖော်မစုံ တစ်ကိုယ်တည်း 
ကားဂိတ်လေးတောင် သွေ့ခြောက်ခြောက်နိုင်ပ.....

နေ့တိုင်းလျှောက်တာ ဒီလမ်းပါပဲ
အချိန်တိုင်း မျှော်မိတာလဲ သူ့ပုံရိပ်ပါပဲ.....

ပုန်းကွယ်နေသူတစ်ယောက်ရဲ့ သဲလွန်စ
ရှာဖို့ခက်လွန်းတယ်လေ.....

အသစ်တဖန်ပြန်စဖို့ ဆုမတောင်းပါဘူး
အရင်လိုခံစားချက် ပြောင်းမသွားတာကသာ ခက်တာ.....

နေလို့ထိုင်လို့ကောင်းတဲ့ လောကကြီးတစ်ခု ပိုင်ဆိုင်ဖို့
အနားမှာ နင်တစ်ယောက်ရှိနေဖို့ လိုသေးတယ်.....

သမုဒ္ဒရာ ၀မ်းတစ်ထွာကို ဖြည့်ဖို့ လွယ်ကူခဲ့ပေမဲ့
နှလုံးသားကွက်လပ် ဖြည့်ဖို့ ခက်ခဲပါတကား.....



Friday, November 16, 2012

နောက်ကွယ်က နေသူများ

ရေတိုက်စားဖို့တွက်
   ကမ်းပါးတွေ ပြိုပေးရတယ်
မိုးရွာဖို့တွက်
   တိမ်တွေ မည်းမှောင်ပေးရတယ်
ရေခဲတောင်ကြီးဖြစ်ဖို့တွက်
   နှင်းတွေ ငိုပေးရတယ်

စောင့်နေရဆဲ ဘူတာရုံကြီး ရှိဖို့တွက်
   ရထားတွေ ထွက်ခွါပေးရတယ်
ဆောင်းရာသီ ရောက်ဖို့တွက်
   သစ်ရွက်တွေ ကြွေပေးရတယ်
နွေရာသီကို ဖော်ကျူးဖို့
   အလွမ်းငှက်ငယ် ဥသြလေးတွေ သီကြူးပေးရတယ်

ညအမှောင်ဖြစ်ဖို့
   နေလုံးကြီးဝင်ပေးရတယ်
ကြယ်လေးတွေ တောက်ပဖို့
   လမင်းကြီး ကွယ်ပေးရတယ်
လွမ်းဆွတ်ခြင်းကို စားသုံးဖို့
   အသည်းကွဲပေးရတယ်

ဘ၀ကို နားလည်ဖို့
   သမိုင်းက နာကျင်ပေးရတယ်
လူကောင်းဖြစ်ဖို့
   လူတစ်ချို.က မိုက်ပေးရတယ်
ဇာတ်ဆောင်ဖြစ်ဖို့
   တစ်ချို့က ဇာတ်ရန်နေရာက သရုပ်ဆောင်ပေးရတယ်

မျက်ရည်ကျဖို့
   ခံစားချက်တစ်မျိုး မွေးထုတ်ပေးရတယ်
သင်္ချိုင်းကုန်းဖြစ်လာဖို့
   လူတွေ သေပေးရတယ်
နောင်တ ဖြစ်လာဖို့
   စိတ်ညစ်စရာတွေ လုပ်ပေးရတယ်

ဆရာဝန် ဖြစ်လာဖို့
   လူတွေ နာပေးရတယ်
ငါးမြှားခြင်းနဲ့ လူတွေ အပန်းဖြေဖို့
   ငါးတွေ သေပေးရတယ်
Zoo ဖြစ်လာဖို့
   တိရစ္ဆာန်တွေကို ထောင်ချပေးရတယ်

လက်ဝှဲ့ပွဲ တစ်ခုဖြစ်လာဖို့
   လူသားအချင်းချင်း ထိုးကြိတ်ပေးရတယ်
မဆုံနိုင်တဲ့ ကံကြမ္မာ ဖြစ်လာဖို့
   ငါတို့တွေ ဝေးကွာပေးရတယ်
သမုဒ္ဒရာ ဖြစ်လာဖို့
   ချောင်းတွေ အဖြာဖြာ စီးဆင်းပေးရတယ်...
 

Thursday, November 15, 2012

တခမ်းတနား မရှိပါဘူး
မှိတ်တုတ်မှိတ်တုတ်
ကြယ်တစ်ပွင့်လောက်များ တွေ့မလား
အခန်းကိုမီးပိတ်
လျှပ်စီးမီးတွေ ရောင်ပြန်ဟပ်နေတဲ့
ကောင်းကင်မှာ ရှာမိပါရဲ့

တစ်ချိန်တုန်းကပေါ့
ဖယောင်းတိုင်မီး ၀ိုးတ၀ါးနဲ့
ဘာရုပ်သံမှ မရှိတဲ့ အိပ်ခန်းထဲ
အတွေးတွေ နယ်ချဲ့ဖို့
ဟိုးအဝေးကနေ ပျံလွင့်လာတဲ့ မယ်ဒလင်နဲ့
ဆွေးဆွေးမြေ့မြေ့ သီချင်းသံက
ပံ့ပို့နေတဲ့အလား

တိတ်ဆိတ်လွန်းတဲ့ ညဉ့်နက်ထဲ
အထီးကျန်တဲ့ ပတ်ဝန်းကျင်ကို
စံပါယ်ပန်း ရနံ့လေးက
ခဏခဏ လာကျီစယ်နေသလိုပဲ


ချိုမြိန်မှုကို တောင့်တ
ခါးသီးလွန်းတဲ့ အိပ်မက်ရှည်ကိုမက်ရင်း
လန့်နိုးမိတာ ညပေါင်းများစွာပါပဲလေ..........

 

Monday, November 12, 2012

ဘယ်တော့မှ မပြည့်တဲ့ အိုး


ဘယ်ကတည်းက ပေါက်နေတာ မသိတဲ့ အိုးတစ်လုံး ငါဖာထေးနိုင်ခဲ့တယ်။
အဲဒီ့အိုးကိုဖြည့်ဖို့ တဖြည်းဖြည်းနဲ့ ကြိုးစားခဲ့ရတယ်။
သုံးပုံ တစ်ပုံလောက်ရောက်တာနဲ့ လူတစ်ယောက်က လာပြီး ယူသုံးပလိုက်တယ်။

နောက်ထပ် တဖန်ကြိုးစားပြီး ဖြည့်ခဲ့ပြန်တယ် နောက်တစ်ယောက်လာပြီး ဘေးကနေ ဖောက်ပလိုက်ပြန်တယ်။
ပြန့်မဖြည့်ခင် ငါနောက်တစ်ခေါက် ဖာခဲ့ရပြန်တယ်။
ဒီလိုမျိုး အိုးပြည့်လုနီးပါး ဖြည့်နိုင်အောင် အပတ်တကုတ် ရုန်းကန်ခဲ့ရတယ်။
လာပြန်ပြီ နောက်ထပ်တစ်ယောက် ခပ်ယူသုံးပလိုက်ပြန်တယ်။

စိတ်တွေရှုပ်လာတယ် ငါကြိုးစားသလောက် ထပ်တူရခဲ့တယ်။
ဒါပေမဲ့ မသုံးဘဲနဲ့ ကုန်ဆုံးခဲ့ရတယ်။
အော်ပလိုက်ချင်တယ် ဒါပေမဲ့ ငါမလုပ်ဝံ့ဘူး
ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ငါခုလိုမျိုး ကြီးပြင်းလာအောင် ပြုစု စောက်ရှောက်ခဲ့ကြတဲ့ မိသားစုဝင်တွေ ဖြစ်နေလို့ပဲ...

ငါအောက်ခြေမှာ ရှိတုန်းကလဲ ငါ့အနောက်ကနေ ၀ိုင်းပြီး အားပေး ကူညီကြတယ်
ငါ အပေါ်ရောက်တော့ သူ့တို့တွေ ငါ့ကို မအားကိုးရင် မိသားစုဆိုတာ ဖြစ်လာစရာ အကြောင်းမရှိဘူးဆိုတာ သိလာတယ်။
အော် ဒီအိုးလဲ ဒီတစ်သက် ဘယ်လောက် ဖြည့်ဖြည့် မပြည့်မဲ့အိုးဆိုတာ တဖြည်းဖြည်းနားလည်လာတယ်...