မသေရေစာ
ရခဲ့တဲ့ သူ့ကြင်နာမှုကို တွယ်တာခဲ့တော့ ယောင်ယောင်မှားမှားနဲ့
လမ်းမှားရောက်လာခဲ့ပေမဲ့ မလွတ်တမ်း ဖမ်းဆွဲချင်ထားဖူးခဲ့တဲ့ လူတစ်ယောက်ကို အမှတ်မထင်
လေဆိပ်မှာတွေ့တော့ လမ်းနှုတ်ဆက်ဖို့တွက် ကျွန်မပါးစပ်တွေ ဖွင့်မရလောက်အောင်
အင်အားမဲ့နေခဲ့တယ်…….. ပါးစပ်တစ်ခုတည်းဆွံအံနေတာမဟုတ် ကျွန်မနှလုံးသားလဲ
ထုံကျင်နေခဲ့တယ်။ ခံစားချက် တစ်စုံတစ်ရာကျန်ရှိနေသေးတယ်ဆိုတာ
စမ်းသပ်စရာမလိုဘဲ တထိတ်ထိတ်ခုန်နေတဲ့ ရင်ခုန်သံက သက်သေပြခဲ့တယ်။
အစွမ်းရှိတဲ့ သူကား ကျွန်မကမ္ဘာကိုကြီးစိုးမိုးထားခဲ့တာ အခုချိန်ထိပါပဲလား ….
သူ့ရှေ့ရောက်ရင် ဖြစ်နေကျအတိုင်း အယောင်ယောင်အမှားမှား
အရင်လို့မဖြစ်ဖို့တွက် ကျွန်မခြေလှမ်းတွေက သူနဲ့ အဝေး Check-In Counter
ဆီကိုပဲ သူ့ဆီက ကိုယ့်နာမည်ခေါ်သံကြားမလား နားစွင့်ရင်း
ဦးတည်ခဲ့တော့တယ်…..
ပိန်ပိန်မဲမဲလေး အပျိုရွယ်မ၀င်သေးပေမဲ့
သူ့ကို စတွေ့ပြီးနောက်ပိုင်း မိန်းမနဲ့တူအောင် လုံချည်ဝတ်ဖို့
၈တန်းနှစ်ကတည်းက ကြိုးစားဖူးခဲ့တယ် ကျွန်မဟာ 23နှစ်ဆိုတဲ့ အရွယ်ရောက်လာတော့
သူ့မျက်လုံးထဲ အရင်အတိုင်း ငါပဲလားလို့ ကိုယ့်ပါကို မဆီမဆိုင်
ပြန်သုံးသပ်မိရဲ့။ အမြဲသတိတရရှိခဲ့တဲ့ လူတစ်ယောက်ကို မရည်ရွယ်ဘဲ
တွေ့ပြန်တော့ အရင်လို လမ်းခွဲတိုင်း သူ့ကျောကုန်းကို မကြည့်ရရင် မနေနိုင်ဘဲ
လှည့်ကြည့်မိတော့ ရယ်မောမောနဲ့ ကောင်မလေးတစ်ယောက်ခါးကိုဖက်ထားတဲ့
သူ့လက်တွေကိုမြင်တော့ ပျော်ရွင်ခြင်းထက် ဒီတစ်ခါလဲ ငါရှုံးပြန်ပြီဆိုတဲ့
အသိနဲ့ ၀မ်းနည်းရပြန်တယ်။
လေယဉ်ပေါ်ရောက်မှ ဟင်းခနဲ
သက်ပြင်းချပြီး စာမျက်နှာတိုင်း သူမပါရင် မပြီးတဲ့ ဒိုင်ယာရီကို
ဖွင့်မိပြန်ပြီ။ အခြေအနေတစ်ခု တည်ငြိမ်ဖို့ ရုန်းကန်ရတဲ့ နိုင်ငံခြားမှာ
ပင်ပန်ခြင်းဆိုတာက အဖော်ပါ။ ညဉ်းပြတာကို စိတ်ရှည်ရှည်နဲ့နားထောင်ပေးတဲ့
ဒီဒိုင်ယာရီဆိုတာလဲ ရင်ထဲ ကျိတ်ခံစားခွင့်မပေးတော့ နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးတဲ့ ကျွန်မ အချိန်မှန်သုံးစွဲတဲ့ အားဆေးကြီးပေါ့လေ။
အချိန်ကား ဘယ်သူ့မှ ဂရုမစိုက်ဘဲ သူ့ပါသူ ရပ်တည်နေပေမဲ့
ဒါဏ်ရာတစ်ခုကုစားဖို့အတွက် အတိုင်းအတာဆိုတဲ့ အချိန်တစ်ခုအောက်မှာကား
ကျွန်မအလူးအလဲ နာကျင်စွာနဲ့ မကုန်နိုင်တဲ့ အချိန်တွေကို မုန်းတီးဖူးခဲ့တယ်။
လက်ရှိဘ၀ဆိုတာ ရုပ်ရှင်ထဲက လုပ်ဇတ်မဟုတ်တော့ လက်တွေ့မှာလဲ အချစ်နဲ့ဘ၀ကား
သီးသန့်စီပင်။ နှလုံးသားနဲ့ ရွေးချယ်ခွင့်ပေးခဲ့တယ် အသက်ရွယ်တစ်ခုကိုတောင်
ကျွန်မကျော်လွန်းနိုင်ခဲ့ပြီဆိုတော့ အရာရာကို ဦးနှောက်နဲ့ဆုံးဖြတ်ရမဲ့
ဒီအချိန်ရောက်မှတော့ ကလေးမဆန်တော့ပါဘူးလေ……………….
No comments:
Post a Comment