Pages

Sunday, October 28, 2012

ကောင်းကင်

ကောင်းကင် တစ်ခုတည်းပါပဲ
စိတ်ခံစားချက်လဲ တူတူပါပဲ
ရှိနေတဲ့ နေရာချင်းသာကွာတာ

ကောင်းကင်ကလဲ အပြာရောင်ပါပဲ
မိုးတိမ်ကလဲ ရာသီဥတုအလျောက်
ပြောင်းလဲနေပေမဲ့ ဒီမိုးတိမ်ပါပဲ
ငါ့အသက်သာ ကြီးလာခဲ့တာပါ

ဘေးစုတ်နေတဲ့ လွယ်အိတ်နဲ့
အဖြူ အစိမ်း ၀တ်စုံကနေ
ကာလာစုံ အ၀တ်အစားနဲ့
တန်ဖိုးကြီးတဲ့ အိတ်တွေ ငါ့ပခုံးပေါ်ကနေ
တနေ့တမျိုး ပြောင်းနေခဲ့ပေမဲ့
ဒီအရာဝတ္ထုတွေကို
ငါတန်ဖိုးထားရကောင်းမှန်း မသိ

ငါ့ရဲ့ ကလေးဘဝ
မိသားစုနဲ့တူတူရှိခဲ့တဲ့ အချိန်တွေ
သူငယ်ချင်းတွေနဲ့ ဖြတ်ကျော်ခဲ့ရတဲ့ ပျော်ရွင်မှု
ဒီ Memory တွေကို ခဏတာ ပြန်ရဖို့ 
ကောင်းကင်ပေါ်ကို အမြဲတမ်း ငေးကြည့်မိတဲ့
အကျင့်တစ်ခု စွဲကပ်လာခဲ့တယ်........

Thursday, October 11, 2012

ရေးမိသမျှ

ဟိုနားတစ်ပွင့် ဒီနားတစ်ပွင့်နဲ့
အဲဒီ့ပန်းကုံးလေး သီထားတဲ့
ကြိုးလေးတစ်ချောင်းပဲ ကျန်တော့တယ်
ငယ်ငယ်တုန်းက ဖတ်စာအုပ်ထဲမှာ
သင်ရတဲ့ ၀တ္ထုလိုမျိုး
ထင်းစည်းကြီးတစ်ခုလုံး
ရိုက်ချိုးဖို့ မလွယ်ကူပေမဲ့
တစ်ချောင်းလေးပဲ ဖြစ်ပါစေ
မရှိတော့ရင် ပြိုကွဲဖို့ လွယ်ကူသွားပြီ
သူငယ်ချင်းတွေ, မိသားစုတွေ
ဒီလိုမျိုးပြိုကွဲသွားတာ များလာခဲ့တယ်


လူဦးရေ တိုးသထက်တိုး
ခောတ်မှီပစ္စည်းတွေ တစ်နေ့တမျိုး
မရိုးရအောင်ပေါ်လာလို့များ
လူတစ်ယောက်ရဲ့ အရေးပါမှုကို
ဂရုမစိုက်ကြတော့တာလား
သေချာတာတစ်ခုကတော့
နှလုံးသားထဲကလာတဲ့
မေတ္တာ, ဂရုဏာတွေ
အဲဒီ့စက်ကိရိယတွေက မပေးနိုင်ဘူးဆိုတာပဲ

အနားမှာ မရှိတော့မှ တန်ဖိုးထားရကောင်းမှန်းသိပြီး
သူ့ရဲ့ အရေးပါမှုကို ပြန်တောင့်တ
ကိုယ်လုပ်နေခဲ့တာတွေကို နောင်တမရကြပါနဲ့ ......

Sunday, October 7, 2012

မိဘတို့ ရင်တွင်းစကား

ဒီစာစုလေးက အင်တာနက်မှာ ပျံနှံနေတာ တော်တော်ကြာပါပြီ။ ကျွန်မ ပထမဆုံးဖတ်ဖူးတာက Forward Mail ထဲမှာ၊ ဒုတိယတစ်ခါက စာရေးဆရာမနိုင်းနိုင်းစနေ Facebook ပေါ်မှာဖြစ်ပြီး အခုတခါကျတော့ စိတ်ကူးချိုချိုစာအုပ်တိုက်က ထုတ်တဲ့ " မြန်မာဝတ္ထုတို(၂၀၀၉)" ထဲက ရဲသျှမ်း ရေးတဲ့ " နောက်ဆုံးအဖော် " ၀တ္ထုတိုလေးထဲမှာ ဖတ်ဖြစ်တာ။ ဘယ်နှစ်ခါဖတ်ဖတ် တော်တော်ခံစားရလောက်အောင် ရင်ထဲကိုထိတယ်။ ဘယ်သူရေးမှန်း ကျွန်မလဲ မမှတ်မိတော့ဘူး။ တန်ဖိုးရှိတဲ့ စာဆိုတာ လူတစ်ယောက်ကို အကျိုးဖြစ်စေတယ် ဟင်းကောင်းတခွက်ထက် ပိုပြီး အရသာရှိတယ်။ ဟင်းတစ်ခွက်က တစ်နပ်စာတွက် ဗိုက်ကိုဖြည့်ပေးပေမဲ့ စာပေရဲ့ အနှစ်သာရကိုသာ သိသွားရင် တစ်ဘ၀စာတွက် ဖုံလှုံသွားစေနိုင်ပါတယ်။ မိဘကို အလိုမကျတာ တစ်ခုခုရှိရင် စိတ်ကမပြစ်မှားမိအောင် မိမိကိုယ်ကို သတိပေးခြင်းအနေနဲ့ ပြန်လည်ကူးယူထားခြင်းဖြစ်ပါတယ်။ အသက်ကြီးလာတဲ့ မိဘက သားသမီး မငြိုငြင်မိအောင် ပြောထားတဲ့ စာစုလေးတွေပါ..... 

ငါအိုသွားတဲ့အခါ... 
ငါဟာ အရင်ကငါမဟုတ်တော့ဘူး။ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။ 

ချည့်နဲ့တဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် ဖိတ်ကျတဲ့အခါ၊ အညစ်အကြေးတွေ မနိုင်တဲ့အခါ ငါ့ကိုမရွံပါနဲ့။ ငယ်ငယ်တုန်းက ငါ သန့်စင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။ အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေကို ငါပြန်ပြောမိတဲ့အခါ မသိကျိုးကျွန်မပြုလိုက်ပါနဲ့။ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီးနားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း ပုံပြင်ပေါင်းများစွာကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။ 

မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်ခါ၊ ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။ ခေတ်သစ်၊ နည်းပညာသစ်၊ အကြောင်းအရာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့။ ငယ်ငယ်တုန်းက " ဘာကြောင့် " ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။ 

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်းအားပါတဲ့လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးပါ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက်လေ့ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။ အသက်ကြီးလာလို့ စကားပြောတာ ရှေ့နောက်မညီဘဲ အကြောင်းအရာတွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ။ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှ နားထောင်ပေးရင် ကျေနပ်ပါပြီ။ 

တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့။ နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို ငါ့ဘ၀နောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ။ မေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံပါ့မယ်။ အဲ့သည့် အပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ....

Wednesday, October 3, 2012

အိပ်မက်ထဲမှာ

ရင်ထဲကမပါတဲ့ စကားကို
ဟန်ဆောင်ပြီးတော့
မပြောပါနဲ့

အသက်မပါတဲ့ အကြည့်တွေနဲ့
ကြည့်ခံရမဲ့တူတူ
နင့်ရှေ့က ထွက်သွားပါ့မယ်

မိန်းမ မရှားဘူးဆိုတဲ့
နင့်တွက်
နှလုံးသား အစစ်ရှားလိမ့်မယ်
နင်သတိထားပါ

" သံယောဇဉ် " ကိုနားလည်သူတွက်
ဖြတ်ဖို့ မလွယ်ကူလှဘူး
ဒါပေမဲ့ နင်ထွက်သွားချင်မှတော့
ငါ အတ္တကြီးမနေတော့ပါ

နေညိုရင်
အမှောင်တွေကို ဖြတ်ကျော်
သတိရခြင်းတွေကို ပျိုး
မင်းမရှိတဲ့ နေ့ရက်တွေပါပဲ

အရင်အတိုင်း
ပြန်လည်ကာ
အတူရှိမဲ့ တနေ့
အိပ်မက်ထဲမှာ မျှော်နေပါ့မယ်

Saturday, September 29, 2012

ခံစားမိသမျှ

လောကကြီးမှာ လူတိုင်းရဲ့ အနာဂါတ်ဟာ သေမဲ့နေ့ကို ဦးတည်တာချည်းပဲ။ ဒါပေမဲ့ ဘယ်နေ့သေမယ်လို့ မသိတဲ့ သူရဲ့ဘေးနားမှာ နေရတာက ဘာမှမခံစားရပေမဲ့ သေမဲ့နေ့ကို ရက်ချိန်းသတ်မှတ်ခံထားရတဲ့ လူရဲ့အနား စောင့်ကြည့်နေရတာလောက် ရင်နာရတဲ့ အဖြစ်ဆိုးက မရှိဘူး။ 


ငါနာမည်ကြီးဖို့ တခြားလူတွေကို လိမ်တယ်။ ငါ့ကို သနားအောင် ငါကောင်းကြောင်း လူတိုင်းကို လိုက်ပြောတယ်။ ငါ့ကိုချစ်အောင် တခြားသူအကြောင်း မကောင်းတဲ့ အတင်းတွေ, တစ်ကျပ်ဖို့လုပ်ပေးခဲ့ရင် တစ်သိန်းဖို့လောက် လုပ်ပေးခဲ့ရသလို သူတို့တွေကို ပြောတယ်။ 


ဘာသာတရားဆိုတာ လူလူချင်း သက်ရှိအချင်းချင်း နူးညံ့ကြင်နာတတ်အောင်, သဘောထားမှန်ကန်အောင် လမ်းညွှမ်းပေးတာ, အဲလိုဖြစ်မလာရင် သူကိုးကွယ်နေတာ နည်းလမ်းမကျလို့လဲ ဖြစ်နိုင်သလို, ဘာသာတရားလို့ ခေါ်ဖို့ မထိုက်တန်ခြင်း လို့လဲဖြစ်နိုင်တယ်။ 


တပါးသူကို နှစ်သိမ့်ပေးတယ်ဆိုတာ အလွန်တရာမှ မွန်မြတ်တဲ့ အလုပ်ဖြစ်တယ်။ အဲလိုများ လုပ်ဖို့အခွင့်အရေးရရင် လုံးဝလက်လွှတ်မခံပါနဲ့။ ကိုယ့်ကြောင့် သူတို့တွေ ပျော်ရွှင်ကြသလို ကိုယ့်ရဲ. စိတ်နေစိတ်ထားနဲ့ တန်ဖိုးလဲ မြှင့်တတ်လာလို့ပါ။ 


အတိတ်ဘ၀က ငါဆိုတဲ့လူ လုပ်ခဲ့သမျှ စိတ်ချမ်းသာခြင်း စိတ်ညစ်ရခြင်းတွေကို ခံစားနေရတာဖြစ်တယ်။ အတိတ်ကို ကျောက်သင်ပုန်း ပေါ်မှာ ရေးခဲ့တာမဟုတ်လို့ ပြန်ဖျက်လို့မရနိုင်ခဲ့ပေမဲ့ ယခုငါက ကောင်းမှုကုသိုလ်တွေ လုပ်ပေးခြင်းနဲ့ ပြန်ချေဖျက်နိုင်ပါတယ်။ 


ဘနဲ့ဝ ရှိရုံလေးနဲ့ ဘ၀ဆိုတာမဖြစ်နိုင်တာ လူတိုင်းသိပါတယ်။ ရယ်ရသလို ငိုရခဲ့တာလဲ များခဲ့ပါပြီ။ အချိန်ကြာလာသည်နှင့်အမျှ အရာရာဟာလဲ ပြောင်းလဲနေမှာပဲ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် သိပ်မခံစားဘဲ အလိုက်သင့်မျှောပါတတ်ဖို့ အရေးကြီးပါတယ်။

Thursday, September 27, 2012

ပုပ်စော်နံ့သော သူများ


ချမ်းသာတဲ့သူက ဘယ်လောက် ရရ ၀တယ် လောက်ငှတယ်လို့ မရှိဘူး။ 
ဘယ်နေ့ သေမယ်မှန်းမသိဘဲနဲ့ စားစရာ မရှိတဲ့ လူတွေဆီကနေ အမြတ်ထုတ် စားနေကြတာ ဘာနဲ့တူလဲဆိုတာ ဒီပုံကိုကြည့်ရင် သိနိုင်ပါတယ်။ 

တချို့ဆိုရင် ရှိသေးတယ် ကြီးတဲ့သူဆီကလဲ လက်ဝါးဖြန့် ငယ်တဲ့သူဆီကလဲ အရှက်မရှိ ခါးပိုက်နှိုက်သလို လုပ်နေကြတာ ကိုယ့်ရဲ့ရနံ့ သေရင် ရုပ်က ထွက်တဲ့ အပုပ်နံ့လိုပဲ ကိုယ့်ရဲ့ နာမည်နောက်မှာ ပုပ်စော်နံ့ပြီး ကျန်ရှိခဲ့မှာပါ....

Wednesday, September 26, 2012

ငယ်ငယ်တုန်းက ဆောင်းမနက်ခင်း

         မနက်လေးနာရီ ထိုးပြီဆိုတာနဲ့ ဟိုအဝေးတောင်ပေါ် တောရကျောင်းက တုံးမောင်းခေါက်သံ လေးချက်တိတိ ကြားလိုက်ရသလို ကြက်တွန်သံ " အောက်အီးအီးအွတ် " ဆိုတဲ့ အော်သံက စာကျက်ဖို့ထတော့ဆိုတဲ့ သဘာဝကပေးထားတဲ့ ကျမရဲ့ နာရီနိုးစက်သံလေးတွေပေါ့။ အမေ့ရင်ခွင်ထဲဝင်တိုးမိတာ " သမီးထတော့ " ဆိုပြီး စောင်ကိုတောင် ကိုယ်ပေါ်ကနေ ဆွဲချလိုက်သေးတယ်။ ရက်စက်လိုက်တာ အမေရယ် အလွန်အေးလှတဲ့ ဒီလိုမျိုးဆောင်းရာသီမှာ စာကျက်ဖို့ထားအုန်း မျက်လုံးတောင်မဖွင့်ချင်ပါ.... 

          အိမ်ဘေးက အန်တီ သူ့သားဖြစ်တဲ့ ကျမရဲ့ သူငယ်ချင်း ဘ၀တူငပျင်းကို စာကျက်ဖို့ နှိုးတာမရလို့ ဆူသံကလဲ ကြက်တွန်သံနဲ့ အပြိုင် ထွက်လာစမြဲ။ ဆွမ်းတော်ချက်ဖို့ တကုတ်ကုတ်နဲ့ အဘွားက မီးဖိုထဲမှာ အလုပ်ရှုပ်နေလေရဲ့။ ကျမတို့မြို့က မကြီးပေမဲ့ မြို့နဲ့ကိုက်ညီတဲ့ ဂုဏ်အင်္ဂါရပ်တွေရှိလို့ အနီးနားရွာတွေက ဈေးလာဝယ်ကြတဲ့ မြို့မဈေးကြီး တခုရှိတယ်။ နယ်ရွာတွေက ဈေးရောင်းမဲ့သူတွေ အိမ်ရှေ့ကဖြတ်သွားကြတာ ဟင်းရွက်သယ်သူသယ် ငါးတွေသယ်သူသယ်နဲ့ မနက်မိုးမလင်းခင် ဈေးကိုအရောက်သွားဖို့ ပြောနကြတာ ကျမစောင်ထဲကနေရင်းတောင် ကြားရတယ်.....

         အမေ့အငယ်ဆုံး ညီမကလဲ ဆောင်းရာသီရောက်တိုင်းကြွေနေကြ သစ်ရွက်ခြောက်တွေကို လမ်းမပေါ်မှာ မနက်တိုင်း အမှိုက်လှဲရင်း ကုသိုလ်လဲရ ၀မ်းလဲဝတယ် ဆိုသလို အချမ်းပြေ မီးဖှိုအဖြစ် အလွယ်တကူ သုံးလို့ရအောင် မီးရှို့နေလေရဲ့။ အိမ်ရှေ့က တောင်ဇလပ်ပန်း ရနံ့ကလဲ မွှေးကြိုင်နေတာ မနက်ကျရင် ဆရာမတွက် တောင်ဇလပ်ပန်းတွေ ခူးပြီး တစ်ကုံးလောက် ယူသွားအုန်းမှ..... 

        ရပ်ကွက်က အဘိုးတွေနဲ့ တူတူလမ်းလျှောက်ဖို့ ကျမရဲ့ အဘိုးကလဲ တုတ်ကောက် တချောင်းကိုင်ပြီး အဒေါ်ရဲ့ မီးဖှိုဘေးမှာ စောင့်နေတယ်။ မနက်တိုင်းဖွင့်နေကျ ကြာနီကန်ဆရာတော် ဦးဇဋိလ ဟော်ကြားတဲ့ " ပဋ္ဌာန်းပါဠိတောနဲ့ ဓါရဏပရိတ်တော် " ကို မကြားရရင် မနက်ခင်းအိပ်ရထရတာ တခုခုလိုနေသလိုပဲ။  သမီးထတော့ " ဆိုတဲ့ အမေရဲ့ အသံနည်းနည်းလောက်မာလာပြီးဆိုတာနဲ့ နောက်တခေါက် နှိုးဖို့နည်းကို သိလို့ ကျောကုန်းပေါ် ၀ခြမ်းပြား မရောက်ခင် ဗြုန်းခနဲ ထထိုင်လိုက်ပါတော့တယ်..... 

        စာမကျက်ခင် မျက်နှာသစ်ဖို့အထ အပြင်မှာ အမှောင်ထုက ကြီးစိုးဆဲ ကြယ်ရောင်လေးတွေက တလက်လက်နဲ့ သူ့တို့အစွမ်း မိုးမလင်းခင် သူတို့ထက် အားကြီးတဲ့ နေရောင်မထွက်ခင် အားကုန်ပြနေကြလေရဲ့။ လေတချက်အဝှေ့မှာ အေးစိမ့်သွားတာ ကြက်သီးမွေးတောင်ထတယ်။ ဒီလိုမျိုး ချမ်းအေးလှတဲ့ နှင်းတွေဝေနေတဲ့ ဆောင်းမနက်ခင်းမှာ အိပ်ချင်စိတ်ကို ပြန်လည်တိုက်ခိုက်ရင်း ကျမရဲ့ဘ၀ကို လင်းလက်စေမဲ့ စာတွေကို ကျက်ရပါအုန်းမယ်..............